Tuesday, September 30, 2014

ဘားအံ-ကော့ကရိတ် ခရီးသည်တင်ယာဉ်အနီး လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ခရီးသည်အချို့ ဒဏ်ရာရရှိ

မြဝတီ-ဘားအံ လမ်းကြောင်းပေါ်တွင် ဘားအံမှ ကော့ကရိတ် ပြေးဆွဲနေသော လိုင်းကားတစ်စီး သာမညအလွန် သာယာကုန်းနှင့် ဒူရိန်ရော်ဘာခြံနားအရောက်တွင် ကားနှင့် ပေနှစ်ဆယ်ခန့်အကွာ၌ လက်နက်ကြီးတစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် ခရီးသည်အချို့ ပြင်းထန်စွာဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ဘားအံမှ ကော့ကရိတ်သို့ ယာဉ်မောင်း အေးလွင်(ခ)အရှည်ကြီးသည် ခရီးသည်ဆယ်ယောက်ခန့်နှင့် ဆန်အိပ်များတင်ဆောင်ကာ မောင်းနှင်လာခဲ့စဉ် စက်တင်ဘာ ၂၉ ရက် ၁း၃ဝ အချိန်ခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ဘားအံ-ကော့ကရိတ် ယာဉ်လိုင်း ကင်တာအမျိုးအစား ကားပေါ်ပါ ခရီးသည်များအနက်
သက်ဦး(၂၇)နှစ်တွင် လက်မောင်း နှင့် နောက်ကျောဘက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ဇနီး မနန်းမူ(၂၈)နှစ်တွင် လက်နက်ကြီးဆံအစ ထိမှန်(မစိုးရိမ်ရ)ခဲ့ကြောင်း သိရသည်။ ယာဉ်မောင် အေးလွင် (ခ)အရှည်ကြီးသည် ဒဏ်ရာရခရီးသည်များအား ဆေးရုံသို့ အမြန်ရောက်ရှိရေး မောင်းပြေးလာခဲ့ကြောင်း၊ လူနာနှစ်ဦးအား ကော့ကရိတ်ဆေးရုံတွင် ကုသမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။ “ကျွန်မတို့ကားကို တိုက်ရိုက်ပစ်ထည့်တာတော့ မဟုတ်ဘူး။ ကားဘေး ပေ ၂ဝ၊ ၃ဝ လမ်းဘေးမှာ ပေါက်ကွဲတာပါ။ အစတွေတော့ ကားကို ထိမှန်ကုန်တယ်။ ဘယ်သူပစ်တယ်။ ဘယ်ကပစ်တယ်ဆိုတာလည်း မသိရပါဘူး။ ကားကတော့ မောင်းပြေး လာခဲ့တာ ကော့ကရိတ်ဆေးရုံအရောက်ဘဲ နောက်မှာ လက်နက်ငယ်တွေလည်း ပစ်သံကြားပါတယ်” ဟု ကားပေါ်ပါ ခရီးသည်မိန်းမကြီးတစ်ဦး က ပြောကြားသည်။ “ယနေ့နေ့လည် ဘားအံမှ ကော့ကရိတ်သို့ ထွက်လာတာ နေ့လည် ၁း၃ဝ ခန့်မှာ ဒူရိန်ရော်ဘာခြံနားအရောက်မှာ ကားနှင့် ပေ ၂ဝခန့်အကွာ လက်နက်ကြီးတစ်လုံး ကျကွဲတာပါ” ဟု ကော့ကရိတ်မြို့မှ ခရီးသည်တစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုများကြောင့် မြဝတီနယ်စပ် ကုန်သွယ်ယာဉ်တန်း အဆင်းယာဉ်များ ကင်းထောက်စောင့်ဆိုင်းသွားလာနေရ၍ ခရီးစဉ်နှောင့်နှေးခဲ့ကြောင်းလည်း သိရသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ် ပွားနေခြင်းကြောင့် ကော့ကရိတ်မြို့ တွင်း၊ မြို့ပြင်လုံခြုံ ရေး တိုးမြှင့်ဆောင်ရွက် ထားကြောင်း လည်း ကော့ကရိတ်မြို့ခံများက ပြောကြားသည်။

Eleven

No comments:

Post a Comment