Saturday, September 20, 2014

မြ၀တီမြို့တွင် မြို့လုံခြုံရေးယာဉ်အား ၀င်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကြံခင်းဘုန်းကြီးကျောင်း အနောက်လမ်းမှ မောင်းတက်လာသော ယာဉ်တစ်စီးမှ လမ်းထိပ်တွင်ရပ်ထားသော မြို့လုံခြုံရေးယာဉ်အား ဝင်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့ ဘုရင့်နောင်လမ်းကြီး ညဈေးထိပ်တွင် ဆပ်(အနက်ရောင်) ကားတစ်စီးမှ ရပ်ထားသောကားများ တိုက်သွားကြောင်း ည ၁၁ နာရီခွဲအချိန် မြို့လုံခြုံရေးမှ သတင်းရလျှင်ရချင်း ဟန့်တားရန်လိုက်သွားစဉ် ကြံခင်းဘုန်းကြီးကျောင်းအနီး ကြံခင်းလမ်းမပေါ်သို့ မောင်းနှင်လာသောယာဉ်အား ရပ်တန့်ရန်တားမြစ်ရာ တရကြမ်းဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးယာဉ်မှာ လမ်းဘေးယာဘက်သို့ ၁ဝ ပေခန့် လွင့်စဉ်သွားပြီး ယာဘက်ရှေ့ဘီး ပျက်စီးခဲ့သဖြင့် တိုက်ခိုက်လာသောယာဉ်အား လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ခဲ့၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရှိသူနှစ်ဦးအား မြဝတီပြည်သူဆေးရုံသို့ ညဥ့် ၁ နာရီ ၁ဝ မိနစ်တွင် တင်ပို့ကုသခဲ့သော်လည်း DKBA ကရင်အမျိုးသားတပ်မတော်မှ ဗိုလ်စောလင်းနိုင်မှာ ဆေးကုသမှု ခံယူနေစဉ် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီတွင် ယာဒူးနှင့်ဝမ်းဗိုက် သေနတ် ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူ အရိုင်း(၁၉)နှစ်မှာ လည်ကုပ်ထိမှန် ဒဏ်ရာ လေးလက်မခန့် ယာဘက်ပေါင်ရင်း ပေါက်ပြဲဒဏ်ရာရရှိပြီး မဲဆောက်ဆေးရုံသို့ တင်ပို့ကုသရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ DKBA ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “မူးယစ်ရမ်းကားတာတော့ အပြစ်ရှိပါတယ်၊ အပြစ်ရှိတိုင်း ဒီလိုဝိုင်းပြီး ပစ်ရမလား။ အတော်လည်း စိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ စောလင်းနိုင် KKO၊ DKBA ကလိုထူးဘောတပ်ဖွဲ့၊ ရင်း ၉၁ဝ၊ ထိဝါပလော မြဝတီမြို့နယ် နေသူဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဆပ်ဖ်ကားတစ်စီး၊ ဘာရစ်တာပစ္စတိုတစ်လက်၊ ကျည်ကိုးတောင့်၊ ကျည်အိတ်နှစ်ခု၊ ပွိုင့် ၂၂ ကျည်အတို ၃၈ တောင့်၊ ပွိုင့် ၂၂ ကျည်အရှည် ခြောက်တောင့်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment