Tuesday, September 16, 2014

ဘူးသီးတောင်မှာ လှုံ့ဆော်မှုဆန်ဆန် ဖြစ်ရပ်တချို့ပေါ်ပေါက်ခဲ့

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတချို့မှာ အခုလအတွင်း လုံခြုံရေး ဆိုင်ရာ ပြဿနာတချို့ပေါ်ပေါက်ခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်းက အလယ်တန်းကျောင်းတချို့မှာ ဖြစ်စဉ်သုံးခုဖြစ်ပွားခဲ့ကြောင်း ခရိုင်ဒုတိယ ရဲမှူးကြီး ဦးရွှေသန်းက ပြောပါတယ်။ ပထမဖြစ်ရပ်မှာ ဘင်္ဂါလီကျောင်းသားတစ်ဦးက နိုင်ငံတော်သီချင်းစာသားထဲက မြန်မာဆိုတဲ့နေရာမှာ ရိုဟင်ဂျာလို့ပြောင်းလဲသီဆိုခဲ့တာ၊ နောက် တစ်ခုက ကျောင်းရုံးခန်းအတွင်းဝင်ရောက်ပြီး နိုင်ငံတော်အလံအပါအ၀င် ပရိဘောဂတွေကို ဖျက်ဆီးခဲ့တာ၊ နောက်ဆုံးတစ်ခုကတော့ ဆရာမရဲ့စားပွဲပေါ်မှာ စာရေးခဲ့တာဖြစ်တယ်လို့ ဒုရဲမှူးကြီး ဦးရွှေသန်း က ပြောပြပါတယ်။

"နောက်ဆုံးအခုဆိုရင် ဆရာမရဲ့စားပွဲခုံမှာရေးသွားတယ်၊ ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာပြည်နယ်ဖြစ်သည် ဆိုပြီးရေးသွားတာ အဲ့ဒါ လုပ်တဲ့လူလည်းပေါ်ပြီးပြီ၊ အဲ့ဒီတော့ အဲ့ဒီကျောင်းသားကိုတော့ ကျနော်တို့ ဆုံးဖြတ်ချက်တော့မချရသေးဘူး၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကျောင်းသားတွေကိုတော့ ကျောင်းထုတ်လိုက်တာရှိတယ်၊ နောကပြီးရင် ကျောင်းပြောင်းခိုင်းပေးလိုက်တာတွေရှိတယ်"
ဒီလုပ်ရပ်တွေဟာ အစ္စလာမ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ ခေါင်းဆောင်က သူတို့ရဲ့ တောင်အာရှဆိုင်ရာအဖွဲ့ခွဲတစ်ခု အိန္ဒိယနိုင်ငံမှာ အခြေစိုက် ဖွဲ့စည်းပြီးဖြစ်တယ် ၊ မြန်မာနိုင်ငံအပါအ၀င် ဘင်္ဂလာဒေ့ခ်ျနဲ့ အိန္ဒိယနိုင်ငံတွေမှာ ဂျီဟတ်လှုပ်ရှားမှုတွေ ဆောင်ရွက်မယ်လို့ ဗီဒီယိုကတဆင့် အင်တာနက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တာပါ။
အဲ့ဒါကြောင့် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တခြားပါဝင်ပတ်သက်မူတွေ ရှိမရှိစုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာလှုပ်ရှားမယ်ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့သတင်း တစုံတရာမရရှိသေးဘဲ၊ ဒေသတွင်း ပုံမှန်တည်ငြိမ်းအေးချမ်းနေတယ်လို့ဆိုပါတယ် အလားတူဘင်္ဂလာဒေ့ခ်ျနိုင်ငံနဲ့ နယ်စပ်ကို ပိတ်မထားဘဲ၊ လုံခြုံရေးကိုသာ သတိထားဆောင်ရွက်နေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

RFA

No comments:

Post a Comment