Tuesday, September 9, 2014

ရန်ကုန်၊ မန္တလေးနှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်

Photo: ရန်ကုန်၊ မန္တလေးနှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၈

ဖိလစ်ပိုင်နိုင်ငံ၏ အင်အားအကြီးဆုံး စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Cebu Pacific လေကြောင်းလိုင်းက ဖိလစ်ပိုင်မြို့တော် မနီလာနှင့် မြန်မာနိုင်ငံ၏ အဓိကမြို့တော်များ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များအကြား တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်လယ်ပိုင်းမှ စတင်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် ဖိလစ်ပိုင် နိုင်ငံသားများ၏ လုပ်ငန်းများ များပြားလာသည့်အတွက် အဆိုပါ လေကြောင်းလိုင်းက ၂၀၁၅ နှစ်စပိုင်းတွင် လေယာဉ်ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်သည်။

Cebu လေကြောင်းလိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းရန် လျာထားကြောင်း ဖော်ပြထားသည်။

“သူတို့လေကြောင်း အာဏာပိုင်ကနေ ပျံသန်းဖို့ ခွင့်ပြုတာမျိုး ဖြစ်လိမ့်မယ်။ ဒီဘက်ကို အကြောင်းကြားလာတာမျိုး မရှိသေးဘူး” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်း၊ တရုတ်၊ ဂျပန်နိုင်ငံသားများ အများဆုံး ဝင်ရောက်ပြီး ဖိလစ်ပိုင် နိုင်ငံသားများမှာ ပုံမှန်ဝင်ရောက်မှု ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ နှစ်နိုင်ငံမှ လာရောက် လည်ပတ်သူများကို ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့် ပေးထားပြီး ဖိလစ်ပိုင်နှင့် ရင်းနှီးမြှုပ်နှံထားသည့် ဒေသတွင်း ၃၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၄၆ မီလီယံဖြင့် အဆင့် ၁၅ ခုမြောက်အဖြစ် ရင်းနှီးမြှုပ်နှံထားသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ လိုင်း ပျံသန်းလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment