Wednesday, September 10, 2014

မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ပြည်တွင်းကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်ဟားခါးမြို့၏ အနောက်တောင်ဘက် ၄၄ မိုင်ခန့်အကွာကိုဗဟိုပြု၍ စက်တင်ဘာ ၉ ရက် ညနေ ၃ နာရီ ၅၉ မိနစ် ၄ စက္ကန့်က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မရှိသော်လည်း ငလျင်ကြောင့် နောက်ဆက်တွဲဆိုးကျိုး အနေဖြင့် မြေပြိုမှုများ၊ တောင်ပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။

“ငလျင်က အရမ်းကြီးတော့ မကြီးဘူး။ ဒါပေမဲ့ မြေပြို၊ တောင်ပြိုတာတွေဖြစ်မှာကို
စိုးရိမ်ရတယ်။ မြေကြီးတွေကလည်း မညီတဲ့အတွက်ကြောင့် ဖြစ်တယ်။ မြန်မာပြည်မြောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းက အိန္ဒိယနဲ့ ဟိမ၀န္တာနဲ့ မြန်မာနိုင်ငံ တိုက်နေတဲ့နေရာဖြစ်တယ်။ ဒီလိုငလျင်လတ်တွေက အမြဲတမ်းလှုပ်တယ်။ အာသံဘက်မှာတော့ ငလျင်အကြီးတွေ လှုပ်ခတ်ခဲ့ဖူးတဲ့ မှတ်တမ်းရှိတယ်။ မြန်မာဘက်မှာတော့ ငလျင်အကြီးကြီးတွေ လှုပ်တာသိပ်မရှိဘူး။ အဲဒီဘက်မှာက အဆောက်အအုံတွေ သိပ်ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိနိုင်ဘူး” ဦးစိုးသူရထွန်းက ဆိုသည်။

အဆိုပါ လှုပ်ခတ်ခဲ့သော ငလျင်သည် ကဘော်ပြတ်ရွေ့မှဖြစ်နိုင်ကြောင်း၊ ငလျင် လှုပ်ခတ်ခဲ့သောနေရာသည် နှစ်တိုင်းလိုလို လှုပ်ခတ်လေ့ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“ချင်းပြည်နယ် ဟားခါးမြန်မာနဲ့ အိန္ဒိယနယ်စပ်နားမှာလှုပ်တာ အင်အားက ၅ ဒသမ ၂ ရစ်ခ်ျတာစကေးနဲ့ လှုပ်သွားတယ်။ ဟားခါးက ခံစားမှုရှိတယ်။ အဲဒီဘက်ထဲမှာ ကဘော်ပြတ်ရွေ့တို့ဘာတို့ ရှိတယ်။ အဲဒီပတ်ဝန်းကျင်မှာ တော်တော်လေးကို လှုပ်ဖူးတယ်။ အင်အားကြီးကြီးမားမားတော့ မလှုပ်ဘူး။ အရင်က လှုပ်တာကလည်း ၄ ကျော်ကျော် ၅ လောက်လှုပ်တယ်။ နှစ်တိုင်းနီးပါးကိုလှုပ်တယ်။ အရမ်းကြီးကြီးမားမား မလှုပ်တဲ့အတွက် ပျက်စီးမှု အရမ်းတော့မရှိနိုင်ဘူး” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“ဟားခါးနဲ့ မင်းတပ်မြို့မှာ ခံစားလိုက်ရတယ်။ အပေါ်ထပ်မှာနေတဲ့ သူတွေကတော့ သိတယ်။ တချို့ဆို သိလိုက်တယ်။ တချို့ဆို မသိလိုက်ဘူး။ ဟားခါးနဲ့ မတူပီ အဲ့ပတ်ဝန်းကျင်လောက်ဖြစ်နိုင်တယ်။ အဲဒီဘက်မှာက တောင်တွေကျေးရွာတွေများတယ်။ အရင်နှစ်တွေက ဖလမ်းနဲ့ တီးတိန်တို့မှာ မြေပြိုခဲ့ ဖူးတယ်။ အခုက အဲဒီဘက်မှာမဟုတ်ဘူး။ အရင်နှစ်တွေက လှုပ်တာက မြောက်ဘက်ပိုင်းမှာလှုပ်တာ။ ခုလှုပ်တာက တောင်ဘက်ပိုင်းမှာ။ ဟားခါးမြို့ပေါ်မှာ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး” ဟု ဟားခါးမြို့ဒေသခံ ကိုဇေကပြောကြားသည်။

ငလျင်လှုပ်ခတ်မှုသည် ဟားခါးမြို့အပြင် ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ခံစားခဲ့ရကြောင်း ရခိုင်ပြည်နယ်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Eleven

No comments:

Post a Comment