Sunday, September 14, 2014

အများသိသင့်သည့် မိကျောင်းကန် သမိုင်းမှန်

တစ်နေ့ကသတင်းဗီဒီယိုတစ်ပုဒ်ကြည့်လိုက်မိသည်။ သတင်းထဲတွင် မိချောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်း အား အစိုးရမှထောင်ဒဏ်ချမှတ်လိုက်သည့်အကြောင်းတင်ဆက်ထားခြင်းဖြစ်ပေသည်။ နိုင်ငံတော်၏တည်ဆဲဥပဒေ ကိုချိုးဖောက်မှုဖြင့် ဦးစိန်သန်းထောင်ကျခြင်းမှာ အထူးအဆန်းမဟုတ်ပေ။ သို့သော်ထူးဆန်းသည်မှာ သတင်းတွင် ဦးစိန်သန်းဆိုသူမှ အချုပ်ကားပေါ်တက်ခါနီးဆဲတွင် ‘ကျုပ်တို့ဘိုးဘွားပိုင်မြေတွေကိုကျုပ်တို့မရရအောင်ပြန်တောင်းမည်’ ဟုအော်ဟစ် ပြောဆိုသွားခြင်းပင်ဖြစ်ပေသည်။ စာရေးသူအနေဖြင့် သတင်းကြည့်ရင်းပင် အံ့သြဘနန်းဖြစ်ခဲ့ရပါသည်။ အကြောင်းမသိသူများအဖို့ မိချောင်းကန်မြေယာများသည် ဦးစိန်သန်းနှင့်အပေါင်းအပါတို့၏ ဘိုးဘွားပိုင်များဟု ထင်သွားနိုင်သည်။ ထို့ကြောင့်အကြောင်းသိသော စာရေးသူအနေနှင့် မိချောင်းကန် မြေယာနှင့်ပက်သက်သည့်အကြောင်း သိရှိခဲ့သမျှပြောပြရပေတော့မည်ဖြစ်သည်။ 

မိချောင်းကန်အပိုင်း ၁/၂/၃ မြေသည်မည်သူတစ်ဦးတစ်ယောက်၏ ဘိုးဘွားပိုင်မြေမျှမဟုတ်ချေ။ ၁၉၃၃ခုနှစ် အင်္ဂလိပ် အစိုးရလက်ထက်မတိုင်မီကတည်းက မီးရထားပိုင်မြေဖြစ်ကြောင်းသိရှိခဲ့ရဘူးသည်။ မီးရထားမြေဆိုသည်မှာ အတွဲများ ချိန်းရန်၊ ကျောက်မီးသွေးပုံရန် အစရှိသည်တို့ပြုလုပ်နိုင်ရန်အတွက်ကျယ်ပြန့်စွာ ယူထားရသည့်မြေဖြစ်သည်။ ထိုမြေမှာ လည်းဦးပိုင်မှတ်ပုံတင်အမှတ် စာရင်း ၁ (က) တွင်မီးရထားမြေဟု အထောက်အထား ခိုင်လုံစွာပါရှိပြီဖြစ်ကြောင်းလဲ သိရှိခဲ့ရသည်။ ထို့နောက်အိုးအိမ်သို့လွှဲအပ်ခဲ့ပြီး အိုးအိမ်မှတဆင့်တပ်မတော် သို့လွှဲအပ်ခဲ့သောမြေယာများဖြစ်ပြီး ထိုမြေများပေါ်တွင်နေထိုင်သူများမှာလည်း မူလမီးရထားမြေဖြစ်ကတည်းကပင် ကျူးကျော်ခဲ့သူများဖြစ်ကြောင်း မီဒီယာများတွင်ဖော်ပြထားသည်ကို လည်းမြင်တွေ့ရမည်ဖြစ်သည်။

ထိုစဉ်အခါက အိုးအိမ်မှ တပ်မတော်သို့လွှဲပြောင်းပေးအပ်စဉ်တွင် မီးရထားမြေပေါ်တွင်ဦးပိုင်းအမည်ပေါက်ဟူ၍ အနားမလဲ ချစ်တီးရားဆိုသူနှင့်ဦးထွန်းရွှေတို့နှစ်ဦးသာရှိခဲ့ကြောင်းသိရှိခဲ့ရပြီး ထိုအမည်ပေါက်သူနှစ်ဦးမှာလည်း ၁၈၉၈ ခုနှစ်အောက် မြန်မာပြည်မြို့ရွာနှင့် ကျေးရွာအက်ဥပဒေ ပုဒ်မ ၁၁ အရ ၂ နှစ်ဆက်တိုက် အသုံးပြုခြင်း မရှိသည့်အတွက် အစိုးရမြေ အဖြစ်ပြန်လည်သတ်မှတ်ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းတွေ့မြင်ရမည်ဖြစ်သည်။ ယခု လက်ရှိတောင်းဆိုသူများမှာလည်း ထိုနှစ်ဦးနှင့် ပက်သူမှုမရှိကြသူများဖြစ်ကြောင်းလည်း တွေ့ရှိရမည်ဖြစ်သည်။ ထိုစဉ် အချိန်က ၁၉၃၃ အက်ဥပဒေအရအစိုးရအသစ်တက်ရောက်တိုင်း မြို့သစ်စီမံကိန်းများဖော်ထုတ်ရာတွင် ကျူးကျော် သူများအားမြေယာအစားထိုးပေးရန်မလိုအပ်ပေ။ သို့သော်လည်း မိချောင်းကန် ၁/၂/၃ တွင်နေထိုင်သူ ၈၃၅ ဦးအား ၁၉၉၀-၉၁ တွင်ရွှေပြည်သာ၊ တောင်ဒဂုံနှင့်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း သုံးမြို့နယ်တွင် ကျူးကျော်သူများ ကြိုက်သည့်မြို့နယ်ရှိ ၂၀ x ၆၀၊ ၄၀ x ၆၀ မြေကွက်များအားပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလဲအားလုံးတွှေ့မြင်ရပေလိမ့်မည်။ ထိုသို့ပေးအပ်ခဲ့သည့် မြေများအားလည်း ၀ယ်ယူရသည်ဟုပြောဆိုကြပြန်သည်။ အမှန်တကယ်မှာ ၀ယ်ယူရသည်မဟုတ်ပဲ မိမိကြိုက်နှစ် သက်ရာမြို့နယ်တွင် ကြိုက်နှစ်သက်ရာအကွက်လိုက် မြေစည်ပင်စားရိတ်ပေး၍ မြေကွက်များရယူခဲ့ကြခြင်းသာဖြစ် ကြောင်းလဲသိရှိခဲ့ရပေသည်။

၁၉၉၂ ခုနှစ် ဒုတိယအကြိမ်မြေယာလွှဲပြောင်းရာတွင်လည်း မိချောင်းကန် အပိုင်း(၂) တွင်ဦးပိုင်းအမည်ပေါက် (၇) ဦးသာရှိခဲ့ပြီး ထိုသူများအား လျော်ကြေးငွေများနှင့်မြေနေရာများအစားထိုးပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကာယကံရှင်များ လက်မှတ်ထိုးထားသော အထောက်အထားများရှိကြောင်း ကိုလည်းကြားသိခဲ့ရပါသည်။ ဦးပိုင်အမှန်တကယ်ပိုင်ဆိုင် သူများအားအထောက် အထားခိုင်လုံစွာလျော်ကြေးငွေများ မြေကွက်များပေးအပ်ခဲ့ပြီး ပိုင်ဆိုင်မှုမဲ့သောကျူးကျော် သူများ ကိုတော့ဖြင့် လူသားချင်းစာနာစွာဖြင့် စည်ပင်စားရိတ်လောက်သာပေးသွင်းစေ၍ မြေကွက်များချထားပေးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်အခါက ကျူးကျော်သူများအား တပ်မတော်မှ ယာဉ်များဖြင့်ပါလိုက်လံပို့ဆောင် ပေးခဲ့ကြောင်း ကျူးကျော်သူများ ကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပေသည်။

ယခုဆန္ဒပြသူများထဲတွင်လည်း ထိုအချိန်ကလျော်ကြေးပေးမြေပေးပြီးသူ များလည်းပြန်လည်ပါဝင်လာသည်ကိုမြင်တွေ့ရပြီး ယခုမှကျူးကျော်လာသူ များလည်းပါဝင်ပေသည်။ ဦးစိန်သန်းကိုယ်တိုင်ပင် သူ၏မိန်းမအမည် ပေါက်ဖြင့်မြေကွက် ရရှိပြီးသူ ဖြစ်ကြောင်းအားလုံးအသိပင်ဖြစ်သည်။ ယခုဆိုလျှင် ထိုကိစ္စအားလွှတ်တော်တွင်လည်း အကြိမ်ကြိမ်ရှင်းလင်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နယ်/လုံဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များ လည်းဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်းကိုမြင်တွေ့ ကြရမည်ဖြစ်သည်။ ဒါကိုဖြင့်မကျေနပ်နိုင်ပဲပိုက်ဆံသာတွင်တွင်တောင်းနေကြခြင်းဟာလည်း အင်မတန်ရှက်ဖွယ်ဖြစ် ပေသည်။ 

ထို့ကြောင့်ထိုသူများသည် မည်ကဲ့သို့သောဖြေရှင်းမှုမျိုးကိုမျှလက်မခံပဲ လပေါင်းများစွာ မြို့လယ်ခေါင်တွင် သပိတ်စခန်း ဖွင့်ထားခြင်းမှာလည်း အင်မတန်ရုပ်ဆိုးကျည်းတန်လှပေသည်။ လောဘဇောတက်ကာ မြေယာနှင့် လျော်ကြေးငွေ များကိုသာတွင်တွင်တောင်းဆိုလျက်ရှိကြပေသည်။ နောက်ကွယ်တွင်လည်း လျော်ကြေးငွေများရရှိပါက အချိုးချ၍ ရာခိုင်နှုံးများခွဲဝေယူကြမည့်ကြိုးကိုင် ထောက်ပံ့နေသည့် အဖွဲ့စည်းများရှိနိုင်မည်ဆိုသည်ကတော့မုချမလွဲနိုင်ပေ။ လွှတ်တော်တွင်သာမက အကြီးအကဲ ပေါင်းစုံဖြေရှင်းပေးသည်ကိုလဲလက်မခံပဲ သပိတ်စခန်းဖွင့်ထားခြင်းမှာလည်းတမင်တကာပြုလုပ် နေခြင်းဟုသာ ကောက်ချက်ချနိုင်ပေသည်။ တစ်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ ၀င်ရောက်ညှိနှိုင်းပေးခဲ့သည်ကိုတွေ့မြင်ခဲ့ရပြီး ဦးစိန်သန်းမှာညှိနှိုင်းခြင်းကိုလက် မခံပဲ လျော်ကြေးငွေနှင့် မြေယာများပြန်လည်မပေးပါက ထိုမြေများပေါ်တွင် အတင်းဝင်ရောက် နေထိုင်မည်ဟုသာပြောဆိုခဲ့ သည်ကိုတွေ့မြင်ကြရ မည်ဖြစ်ပေသည်။ ထိုကဲ့သို့ ဆင်းရဲနုံချာလှသော သက်ကြီးရွယ်အိုများ ကိုဗန်းပြ၍လုပ်စားနေသော မိချောင်းကန် သပိတ်စခန်းကြီးသည် နောက်ကွယ်မှကြိုးကိုင်ထားသည့် ရုပ်ဆိုးကျည်းလှသော အခွင့်ရေး သမားလောဘ သားများ၏ပြယုဂ် တစ်ခုသာဖြစ်သည်ကိုရေးသားဖော်ပြလိုက်ရပါသည်။

Credit: မင်းထက်သာ (ဗဟန်း)
နေ့စဉ်သတင်း

No comments:

Post a Comment