Tuesday, September 16, 2014

PR စနစ်အား ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု၏တောင်းဆိုမှုများကြောင့်မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့ကစတင်သောကိစ္စဖြစ်ဟု ဒီမိုကရေစီနေ့အခမ်းအနားတွင် ပါတီပြောကြား

အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု၏တောင်းဆိုမှု များကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သောကိစ္စဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော် ပြည်ထောင်စုလွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားသို့ NLD ပါတီမှတင်သွင်းသည့်
အစီရင်ခံစာတွင် "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ယနေ့အချိန်အခါကို အခွင့်ကောင်းယူလျက်တင်ပြ လိုသော အချက်ရှိပါတယ်။ ယင်းမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကိစ္စဖြစ်ပါတယ်။
အထူးထောက်ပြလိုတဲ့အချက်မှာ နိုင်ငံတကာဖြစ်စဉ်များကိုလေ့လာကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၌ ယခုကဲ့သို့သော အရေးကြီးသောအပြောင်းအလဲ မျိုးသည် ပြည်သူလူထု၏ ပြင်းပြသော ဆန္ဒနှင့် တောင်းဆိုမှုများကြောင့်သာ ဖြစ်ပေါ်လာသည့် ထုံးစံများရှိခဲ့သည်ကို တွေ့ရှိရပါတယ်။ ယခုဖြစ်ပေါ်နေသော PR စနစ်ကို ပြောင်းလဲ ကျင့်သုံးရေး ကိစ္စမှာ ပြည်သူ လူထု၏တောင်းဆိုမှုများကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သောကိစ္စဖြစ် သည်ကို တွေ့ရှိရပါတယ်" ဟု ဖော်ပြပါရှိသည်။

ထို့ပြင် အစဉ်အမြဲသတိမူရမည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မည်သည့်အပြောင်းအလဲ မဆို ပြုလုပ် မည်ဆိုပါက ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ဆန္ဒကို လျစ်လျူမရှုမိရန်ဖြစ်ကြောင်း၊ ထိုမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို အလေးထားရာရောက်မည်ဖြစ်ကြောင်း စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

"အန်တီ ဒါပထမဦးဆုံးတက်တဲ့ ဒီမိုကရေစီနေ့အခမ်းအနားပေါ့နော်။ ဒီပွဲမှာ ပါတီအသီးသီးက ဒီမိုကရေစီနဲ့ပတ်သက်ပြီး တင်ပြသွားတာတွေလည်းကောင်းပါတယ်။ အခုနှစ်က လူငယ်တွေရဲ့အခန်းကဏ္ဍကို မီးမောင်းထိုးတယ်ဆိုတာလည်း ကောင်းပါတယ်။ အဲဒါကိုကြည့်လိုက်ရင် တချို့တွေက လူငယ်တွေအပေါ်မှာ ပုံပြီးတော့ တာဝန်ပေးလိုက်တဲ့သဘောရှိတယ်။ တချို့တွေကလည်း လူငယ်တွေကို လူကြီးတွေကနေ ပံ့ပိုးပေးရမယ်ဆိုတဲ့သဘောရှိတယ်။ ဒုတိယအချက်က ပိုမှန်မယ်လို့ထင်တယ်။ ဒီကာလက ဒီမိုကရေစီလေးနှစ်တာကာလလို့ ပြောလို့မရသေးပါ ဘူး။ ဒီကာလက ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတဲ့ လေးနှစ်တာကာလလို့ပဲ ပြောကြားလိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားသည်။ 

Eleven

No comments:

Post a Comment