Monday, September 15, 2014

RCSS/SSA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် PNO အဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပွန်တိုက်နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာနှင့် စဲဖူးကျေးရွာ ကြားနယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော PNO အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့၌ RCSS/SSA ထောင် ထားသောမိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပေါက်ကွဲမှုကြောင့် PNO အဖွဲ့ဝင်(၃)ဦး မိုင်းစထိမှန်ကာ ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင့်း ဗိုလ်ကြီးခွန်ဒွန်းကပြော သည်။

“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး လုပ်နေတာကိုသိလို့ ရွက်ဆစ်အဖွဲ့က မိုင်းထောင်ထားတာပါ၊ ကျွန်တော်တို့က ဌာနေ ပြည်သူ့စစ်အနေနဲ့ အေးအေးဆေးဆေးနေတာပါ၊ ဒါကိုသူတို့ကလိုက်ပြီး ရန်စနေကာ”ဟု ယင်းကဆက်လက်ပြောကြား သွားသည်။

အဆိုပါနင်းမိုင်းပေါက်ကွဲမှုကြောင့် PNO အဖွဲ့မှ တပ်သားခွန်တငဲ့ (၃၀)နှစ်၊ တပ်သားခွန်တခေါင်း (၂၅)နှစ်၊ တပ်သား ကျော်ဆွေ (၂၆)နှစ်တို့ အသီးသီးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

PNO အဖွဲ့သည် ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပွန်မြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေ သောဌာနေပြည်သူ့စစ်အဖွဲ့ဖြစ်ကြောင်း၊ အထူးသဖြင့် ဟိုပုံး ကိုရင်လေး ကျောင်းထိုင်သော ထန်စိမ်းဂူနှင့် အနီးဝန်းကျင် တွင်လုံခြုံရေးဆောင်ရွက်နေသောအဖွဲ့ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရ တပ်ဖွဲ့ဝင် (၃)ဦးအား ဆေးဝါးကုသမှုခံယူရန် တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်းနှင့် PNO အဖွဲ့ အားမိုင်းထောင်တိုက်ခိုက်ခြင်းမှာ RCSS/SSA အဖွဲ့၏ ရန်လိုရန်စသော သဘောဖြစ်နေကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်နေ သောဒေသများတွင် RCSS/SSA ကတိုက်ပွဲများဖြစ်အောင်ဖန်တီးနေကြောင်း မိုင်းပွန်မြို့ခံ ပအိုဝ့်တိုင်းရင်းသားတစ်ဦးက ပြောကြား သွားသည်။

နိုင်သစ်(တောင်ကြီး)

Today Myanmar

No comments:

Post a Comment