Friday, October 24, 2014

ပုသိမ် အဝေးသင်တက္ကသိုလ် စာရွက်စာတမ်းဖိုး ကောက်ခံငွေမြင့်မား မှု ကျောင်းသားများ ဝေဖန် ငွေကောက်ခံမှုများတွင် ကံစမ်းမဲ လက်မှတ်ဖိုးပါ ပါဝင်

အဝေးသင်တက္ကသိုလ် ပုသိမ်ဌာနခွဲတွင် ပညာသင်ကြားရန် အတွက် ကျောင်းသားကတ် ထုတ်ယူရာ တွင် ကျောင်းအပ်စဉ် ကာလက ကျောင်းသားကတ်ကြေး ၃၀၀ ပေးသွင်းထားပြီး ဖြစ်သော်လည်း အဝေးသင် အနီးကပ် တက်ရောက်ချိန် ကျောင်းသားကတ် ထုတ်ယူသည့်အခါ ငွေကျပ် ထောင်ချီ၍ တောင်းယူ နေသည့် အတွက် မဖြစ်သင့်ကြောင်း ပုသိမ်အဝေးသင် ကျောင်းသားများက အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ဝေဖန် ပြောကြားခဲ့သည်။

ကျောင်းသားကတ်ဖိုးအတွက် ကျောင်းအပ်စဉ်က ငွေကျပ် ၃၀၀ ပေးဆောင်ခဲ့ပြီး ဖြစ်သော်လည်း အနီးကပ် တက်ရောက် ရန် ကျောင်းသားကတ် ထုတ်သည့်အခါ အင်္ဂလိပ် ဘာသာရပ် ကျောင်းသား များအတွက် ၄၀၀၀ ကျပ်၊ ဥပဒေဘာသာရပ် ကျောင်းသားများအတွက် ၅၀၀၀ ကျပ်၊ ပထ၀ီ ဘာသာရပ်အတွက် ၇၀၀၀ ကျပ် ကောက်ယူ နေသည့် အပေါ် ဝေဖန်လိုက်ခြင်းဖြစ်သည်။

““ကျွန်တော်တို့ အင်္ဂလိပ်စာဆို ၅၀၀၀။ ရွှေအလင်းရောင် မျက်စိဖောင်ဒေးရှင်းအတွက် ၂၀၀၀ တဲ့။ ကားတွေ၊ ဆိုင်ကယ်တွေ မဲဖောက်ပေးမယ့် ကံစမ်းမဲတစ်စောင်လည်း ပေးတယ်။ ကျွန်တော်တို့က ကံစမ်းမဲ ဖောက်ချင်လို့ ကျောင်းလာတက်တာမှ မဟုတ်တာ။ ပြက္ခဒိန် တစ်ခုလည်းပေးတယ်။ အသင်းဝင်ကြေးက ၂၀၀၀ ပေးရတာ ဆိုတော့ ဘယ်အသင်းဝင်ကြေးမှန်းလည်း မသိဘူး။ ပြီးတော့ ကတ်ဖိုးက ၂၀၀ ထပ်ကောက်သေးတယ်။ ကျောင်းအပ်ကတည်းက ချလန်မှာ ကျောင်းသား ကတ်ဖိုး ပါပြီးသား””ဟု အနီးကပ် တက်ရောက်နေသည့် အင်္ဂလိပ်စာ အထူးပြု ကျောင်းသားတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကျောင်းသားကတ် ထုတ်ယူရာတွင် ယခုကဲ့သို့ ငွေကြေး ကောက်ခံမှု အပေါ် မေးမြန်းခဲ့ရာ အဆိုပါငွေများမှာ ရန်ကုန်အဝေးသင် တက္ကသိုလ်သို့ ပေးဆောင်ရခြင်းဖြစ်ပြီး မိမိတို့ မရရှိကြောင်း ၀န်ထမ်းများက ဖြေကြား ခဲ့ကြောင်းကို ““သူတို့ကတော့ မရဘူးလို့ ပြောတာပေါ့။ ဒါပေမဲ့ ကိုယ်မှမသိတာ။ ကျွန်တော်တို့ ပထ၀ီဆို ၇၀၀၀ လေ။ ဒီတန်ဖိုးက နည်းတာမှ မဟုတ်တာ။ ဆိုင်မှာ စားရင် ထမင်းလေးနပ်စာ ရှိတယ်။ ဒါပေမဲ့ မတတ်နိုင် ဘူးလေ။ ကျောင်း တက်ချင်မှတော့ သူတို့လုပ်သမျှ ခံဖို့ပဲ ရှိတာပေါ့”” ဟု ပထ၀ီဘာသာ အထူးပြု ပထမနှစ် ကျောင်းသား တစ်ဦးက ဆိုသည်။

ပုသိမ် တက္ကသိုလ်အနေဖြင့် ကျောင်းသားကတ် ထုတ်ယူသည့်အခါ စာရွက်စာတမ်း ကောက်ခံခြင်း မတူညီရခြင်းမှာ ဌာန အကြီးအသေးအပေါ် မူတည်၍ ကွဲပြားကြောင်း၊ စာရွက်စာတမ်းဖိုးမှ လွဲ၍ သီးသန့်ငွေ တောင်းခံခြင်း မရှိကြောင်းနှင့် ကံစမ်းမဲလက်မှတ် ရောင်းချခြင်းမှာ ပြင်ပဖောင်ဒေးရှင်းတစ်ခုမှ အကူအညီ တောင်းခံသည့်အတွက် ကြားခံ ဆောင်ရွက်ပေးခြင်း သာ ဖြစ်ကြောင်း တာဝန်ရှိသူက ယခုကဲ့သို့ ပြောသည်။

““ကျွန်တော်တို့က ကတ်ပြားကို ထပ်ပြီးတော့ တောင်းတာ မရှိဘူးခင်ဗျ။ သတ်မှတ်ထားတဲ့ အတိုင်းပဲ။ ကံစမ်းမဲ ဆိုတာက ပြက္ခဒိန်ကို ရောင်းပြီးတော့ မျက်စိအလင်း၊ ရွှေအလင်းဆိုတဲ့ ရန်ကုန်မှာ ဖောင်ဒေးရှင်းတစ်ခု ရှိတယ်။ အဲဒီ ရွှေအလင်းက ကျွန်တော်တို့ကို အကူအညီ တောင်းတဲ့အတွက်ကြောင့် ကျွန်တော်တို့က အဝေးသင် ကျောင်းသားတွေကို အချိုးကျ ပြက္ခဒိန်လေးတွေ ရောင်းပြီးတော့ ရတဲ့ဥစ္စာကို မျက်စိအလင်းကို တစ်ခါတည်း လှူလိုက်တယ်ခင်ဗျ။ ကံစမ်းမဲ ပေါက်လို့ရှိရင် များသောအားဖြင့် သူတို့က မတ်လလောက်လား မသိဘူး။ ကံစမ်းမဲ ဖောက်တယ်ခင်ဗျ။ ဖောက်လို့ရှိရင် ပေါက်တဲ့သူတွေကိုလည်း ကျွန်တော်တို့ဆီ အကြောင်း ပြန်ကြားပေးရင် ပေါက်တဲ့သူတွေကို ဖြတ်ပိုင်းလေးတွေ သိမ်းထားခိုင်းပြီးတော့ ကျွန်တော်တို့က အကြောင်းကြား ပေးတယ်ခင်ဗျ။ ကျွန်တော်တို့ ကျောင်းကတော့ လုပ်တာတော့ မဟုတ်ဘူး။ ကြားကနေ အကူအညီပေးတာ””ဟု ပုသိမ်တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာသန်းစိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ငွေကြေး ကောက်ခံမှုမျိုးကို ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်တွင် တောင်းခံခြင်းမျိုး မရှိဘဲ ကျောင်းသားကတ်ဖိုး ပေးဆောင်ထားသည့် ငွေသွင်းချလန် ပျောက်ဆုံးမှသာလျှင် ဒဏ်ကြေး ၂၀၀ သာ ပေးဆောင်ရကြောင်းနှင့် မအူပင် တက္ကသိုလ်တွင်မူ ငွေကျပ် ၅၀၀ ပေးသွင်းရပြီး ကျောင်းနှစ်ပတ်လည် မဂ္ဂဇင်း စာအုပ်တစ်အုပ် ပြန်ပေးကြောင်း အဆိုပါ တက္ကသိုလ်များတွင် တက်ရောက်နေသူများက ပြောပြသည်။

““ကျွန်မတို့ မအူပင်မှာဆိုရင် ၅၀၀ ပဲ ပေးရတယ်။ ဒါတောင် ကျောင်းမဂ္ဂဇင်း စာအုပ်တစ်အုပ် ပေးသေးတယ်။ ပုသိမ်တော့ တော်တော်များတယ်။ မတတ်နိုင်တဲ့သူဆို ဘယ်လိုလုပ်မလဲ”” ဟု မအူပင် တက္ကသိုလ်တွင် အင်္ဂလိပ်စာ ဘာသာ အထူးပြုဖြင့် ဒုတိယနှစ် တက်ရောက်နေသူ ကျောင်းသူတစ်ဦးက ဆိုသည်။

Credit to Myanmartandawsint Newspaper

No comments:

Post a Comment