Tuesday, October 28, 2014

တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များ ပစ္စည်းပြတ်လပ်၍ အမြတ်တင် ရောင်းချဟုဆို

Photo: တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များ ပစ္စည်းပြတ်လပ်၍ အမြတ်တင် ရောင်းချဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

တယ်လီနော ဆင်းမ်ကတ်များ ရန်ကုန်မြို့တော်တွင် စတင်ရောင်းချပြီး တစ်ရက်ကြာချိန်တွင် ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော်တွင် ဆင်းမ်ကတ်တစ်သန်း စတင်ရောင်းချမည်ဟု ကြေညာထားသော်လည်း အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဆင်းမ်ကတ်များကို ပထမရက် (အောက်တိုဘာ ၂၆) တွင်သာ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချပြီး နောက်တစ်ရက် (အောက်တိုဘာ ၂၇) တွင် ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်တင် ရောင်းလျက်ရှိကြောင်း ယင်းဆိုင်များထံမှ သိရသည်။  

အရောင်းဆိုင်များသို့ ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် အရေအတွက်ကို ၎င်းတို့ လိုချင်သလောက် ချပေးမည် မဟုတ်ဟု တယ်လီနော အမှုဆောင်အရာရှိချုပ် Mr Peter Furberg က ပြောကြားထားသည်။ 

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဆင်းမ်ကတ်ဝယ်ယူလျှင် ငွေဖြည့်ကတ် ငါးထောင်ကျပ်တန်နှင့် အထက်အပြင် ဆင်းမ်ကတ်ဈေးနှုန်းမှာလည်း နှစ်ထောင်ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အနော်ရထာလမ်းရှိ တယ်လီနော အရောင်းဆိုင်တွင် ဆင်းမ်ကတ်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းခဲ့သော ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
“တခြားဆိုင်တွေက တစ်ကတ် ဝယ်မယ်ဆိုရင် တစ်သောင်းနီးပါး ပေးရမယ်။ အဲဒီအတွက် ဒီမှာပဲ တန်းစီပြီး ဝယ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

ဈေးတင်ရောင်းချနေသော ဆိုင်များကို ဆိုင်နာမည်ကိုမှတ်ပြီး တယ်လီနော၏ Hot Line ဖုန်းနံပါတ် ၉၇၉ သို့ ဝယ်ယူသူများက တိုက်ရိုက်တိုင်ကြားနိုင်ပြီး တယ်လီနောကလည်း အရောင်းဆိုင်များ ဈေးတင်ရောင်းချမှု ရှိမရှိ လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment