Wednesday, October 8, 2014

လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာဖြစ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ထားဝယ် တိုင်းရင်းသား ပါတီတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂ဝ၁၅ ခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာများတွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာကို ပဲ့ကိုင်မည့် လူထု ကိုယ်စားလှယ်များ ရွေးချယ်သော ရွေးကောက်ပွဲသည် အရေးကြီးကြောင်း၊ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မှန်ကန်သော မဲစာရင်းရရှိရေး ရှေ့ပြေးစီမံချက (Pilot Pro-ject) ဖြင့် စမ်းသပ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မကြာမီတစ်နိုင်ငံလုံး ကောက်ယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ ကူညီဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ဆက်လက်၍ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး (Pilot Pro-ject) နှင့် အဆင့်ဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ လေ့ကျင့်ရေး (Voter Training) များ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အချိန်အကန့်အသတ်ကြားက ကျင်းပပေးနိုင်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲမှ အားနည်းချက်များကို ပြုပြင်ပြီး တတ်နိုင်သမျှ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် မဲစာရင်းနှင့် ကြိုတင် မဲပေးရာတွင် အားနည်းချက် မရှိအောင် နည်းဥပဒေများ ပြန်လည်ရေးဆွဲပြီး ဟာကွက် မရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပါတီများ၊ လူမှုရေး အဖွဲ့အစည်း (CSO) များ၊ မီဒီယာများ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် ဖိတ်ခေါ်လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကိုလည်း လေ့လာ သိရှိနိုင်အောင် စာအုပ်များ ရိုက်နှိပ်နေပြီဖြစ်ရာ မကြာမီ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် တိုက်တွန်း လိုကြောင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် ပါတီများ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက ထောက်ပြပြီး ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဥပဒေ အကာအကွယ် ရယူရန် လိုအပ် မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ပါတီများ၏ မေးခွန်းမေးမြန်းမှု အပေါ် ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment