Tuesday, October 28, 2014

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုအတွက် မန္တလေးတွင်ဆန္ဒထုတ်ဖော်

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးသေဆုံးမှု အတွက် မန္တလေးတွင် အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီအချိန်၌ ၈၀ လမ်းနှင့် ၂၆ လမ်းထောင့် (မန္တလေး နန်းမြို့ရိုးထောင့်)တွင် ဖယောင်းတိုင်ထွန်း ဆန္ဒပြတောင်းဆို ခဲ့ကြောင်း သိရသည်။



ထိုသို့ဆန္ဒပြမှုတွင် မန္တလေးအခြေစိုက်သတင်းထောက်များ၊ လူမှုအဖွဲ့အစည်းများ၊ NGO များ၊ ကျောင်းသား အရေးလှုပ်ရှားနေသောအဖွဲ့အစည်းများ၊ အမျိုးသမီးအရေး လှုပ်ရှားနေသောအဖွဲ့အစည်းများနှင့် မန္တလေး အခြေစိုက် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူများ ပါဝင်ခဲ့သည်ဟု အဆိုပါ ဆန္ဒပြ ဆုတောင်းမည့် အစီအစဉ်တွင်ပါဝင်သူ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

အဆိုပါဆန္ဒပြမှုအတွက် ကြိုတင်ခွင့်ပြုမိန့်ရယူထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ကိုသာ အကြောင်းကြားထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ဆန္ဒထုတ်ဖော်မည့် လမ်း ၈၀ နှင့် ၂၆ လမ်းထောင့်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန္ဒထုတ်ဖော်ခြင်းမပြုရန် ကန့်သတ်ထားသည့် နေရာတစ်ခုဖြစ်ကြောင်း မြို့နယ်ရဲမှူးကပြောကြားသဖြင့် မိမိအနေဖြင့် အဆိုပါကန့်သတ်ချက်မှာ တရားဝင်ထုတ်ပြန်ထားခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဆန္ဒထုတ်ဖော်မည်မှာ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဦးသိန်းအောင်မြင့်က ပြောကြားသည်။ ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့်သူများနှင့်ပတ်သက်၍ ဦးသိန်းအောင်မြင့်က "ကျွန်တော်တို့အနေနဲ့ ဦးဆောင်ပြီးလုပ်တာမဟုတ်သလို ဘယ်အဖွဲ့အစည်း၊ လူတစ်ယောက်ကမှ ဦးဆောင်ပြီး လုပ်တာမဟုတ်ပါဘူး။ ကိုပါကြီးအသတ်ခံရမှုဟာ တရားသဖြင့်ဖြစ်ပေါ်ရေးအတွက် မန္တလေးအခြေစိုက် ဒီမိုကရေစီလှုပ်ရှားသူအားလုံး စုပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ပါတယ်" ဟု ပြောကြားသည်။

"ကိုပါကြီးကို ကျွန်တော်တို့အနေနဲ့မသိပါဘူး။ မြင်လည်းမမြင်ဖူးပါဘူး။ ကိုပါကြီးသေဆုံးမှုဟာ မတရားခံရတယ်လို့ယူဆတဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ကိုပါကြီးမတရားအသတ်ခံရလို့ ကျွန်တော်တို့ဆန္ဒပြတယ်ဆိုတာ တိုင်းပြည်ကိုတာဝန်ယူထားတဲ့ သမ္မတကြီး သိစေချင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သိစေချင်ပါတယ်။ ကိုပါကြီးအမှုမှန်ဖော်ထုတ်ပေးရေးအတွက် ကျွန်တော်တို့ လေးလေးနက်နက်တောင်းဆိုပါတယ်။ ကိုပါကြီးကိုသတ်ခဲ့တဲ့သူတွေကိုလည်း အမြန်ဆုံးအရေးယူဖော်ထုတ်ပေးပါလို့ တောင်းဆိုပါတယ်။ ကိုပါကြီးမှမဟုတ်ပါဘူး။ တိုင်းသူပြည်သား မည်သူတစ်ဦးတစ်ယောက်ကိုပဲဖြစ်ဖြစ်၊ ဒီလိုမျိုးဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလိုမျိုး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသွားမှာပါ" ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

"ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုပြဿနာတွေဖြစ်နေတာဟာ တရားဥပဒေစိုးမိုးမှုမရှိလို့၊ တရားဥပဒေမဏ္ဍိုင်ဟာ ယိမ်းယိုင်နေလို့၊ တရားဥပဒေမဏ္ဍိုင်ဟာ ပြိုလဲနေလို့ အခုလိုဖြစ်နေတာပါ။ ကိုပါကြီးအသတ်ခံရတာကို ပြည်သူလူထုတွေအနေနဲ့ ငြိမ်ခံနေရင် တိုင်းပြည်မှာရှိတဲ့လူတန်းစား အလွှာအသီးသီးကို နှိမ်နင်းသတ်ဖြတ်လို့ရတယ်ဆိုတာ သူတို့အနေနဲ့ အချက်ပြလိုက်တာပါပဲ" ဟု ဆန္ဒပြရာတွင်ပါဝင်သူ ဦးအေးသိန်းကပြောကြားသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် "ကိုပါကြီး၏မတရားအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး... တို့အရေး"၊ "စစ်အာဏာရှင်လူတစ်စုက အကြမ်းဖက်ပြီး လူမဆန်စွာသတ်ဖြတ်ခဲ့တဲ့ ကိုပါကြီး၏အမှု အမှုမှန်ပေါ်ပေါက်ရေး.... တို့အရေး"၊ "ကိုပါကြီးအားသတ်ဖြတ်ခဲ့သူများအား ထိရောက်စွာအရေး ယူပေးရေး...တို့အရေး"၊ "တရားဥပဒေစိုးမိုးရေး ... တို့အရေး" စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုမိန့် ကြိုတင်တောင်းခံခဲ့ခြင်းမရှိသောကြောင့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ လာရောက်တားမြစ်ခဲ့ပြီး ဥပဒေအတိုင်းဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက "ကျန်တဲ့သူတွေရှင်းပေးပါ။ ကျွန်တော်တို့ ဒီအဖွဲ့ကိုအရေးယူသွားမလို့ပါ" ဟု အနီးရှိသတင်းထောက်များ၊ လာရောက်ကြည့်ရှုနေသူများကို ပြောကြားသည်။

ထို့အပြင် ဆန္ဒထုတ်ဖော်မှုမတိုင်မီ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့်သူတစ်ဦးဖြစ်သည့် MDCF အဖွဲ့မှ ဦးသိန်းအောင်မြင့်ကို မြို့နယ်ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်နာရီကျော်အကြာ ခေါ်ယူတွေ့ဆုံကာ အဆိုပါနေရာတွင်မပြုလုပ်ရန်လည်း တားမြစ်ခဲ့သည်ဟု ဦးသိန်းအောင်မြင့်က ပြောကြားသည်။

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် စက်တင်ဘာ ၃၀ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၉ တွင် ကိုပါကြီး၏အမျိုးသမီးဖြစ်သူက ကျိုက်မရောမြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်၌ ကင်းစောင့်တပ်သားထံမှ သေနတ်အား လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သဖြင့် ကင်းစောင့်စစ်သည်က သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၂၆ ရက်ညနေပိုင်းက ရန်ကုန်မြို့ ဆူးလေစေတီအနီး၌ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုဖွံ့ဖြိုးရေးကွန်ရက်များ၊ အမျိုးသမီးအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်း ၃၀ ကျော်မှ ဆန္ဒပြခဲ့ကြပြီး သတင်း ထုတ်ပြန်မှုနှင့် ရှုတ်ချဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ကလည်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment