Wednesday, October 8, 2014

စပိန်နိုင်ငံမှ ကက်တလန်ဒေသခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းလည်း လာလီဂါပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်


ကက်တလန်ဒေသသည် စပိန်နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော ဒေသတစ်ခုအဖြစ်ထူထောင်ခွင့် ရရှိပါက ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှထုတ်ပယ် ရလိမ့်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောသည်။


စပိန်နိုင်ငံ၏အားကစားပြိုင်ပွဲဆိုင်ရာဥပဒေအရ အမှတ်ပေးလိဂ်ပြိုင်ပွဲများတွင် အခြားနိုင်ငံတစ်ခု၏သြဇာခံ ကလပ်အသင်းတစ်သင်းကိုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြု ထားရာ အက်ဖ်စီအန်ဒိုရာအသင်းက ရှိနှင့်ပြီး ဖြစ်သည့်အတွက် ဘာစီလိုနာအသင်းမှာ လာလီဂါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်မဟုတ်ပေ။

အန်ဒိုရာနိုင်ငံသည် စပိန်နှင့် ပြင်သစ်ကြားတွင်ရှိပြီးအလွန်သေးငယ်သော နိုင်ငံတစ်ခုဖြစ်သည်။ အက်ဖ်စီအန်ဒိုရာအသင်းကို ၁၉၄၂ခုနှစ် ကတည်းက တည်ထောင် ခဲ့ပြီး စပိန်လိဂ်ပြိုင်ပွဲများတွင် ၁၉၄၈ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဂျာဗီယာတီဘက်စ်က “ကက်တလန်ဒေသသာ လွတ်လပ်ရေးရရှိခဲ့မယ်ဆိုရင် စပိန်နိုင်ငံရဲ့ အားကစားပြိုင်ပွဲ ဥပဒေအရ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းဆက် လက်ယှဉ်ပြိုင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် စပိန်ပါလီမန်မှာ အားကစားဥပဒေတွေကို ပြင်ဆင်မလား။ ရှင်းပါတယ်။

ဒီအဖြစ်အပျက်ဖြစ်ပျက်သွားခဲ့မယ်ဆိုရင်တော့စပိန်ဘောလုံးလောကမှာဘာစီလိုနာအသင်းကိုဆုံးရှုံးလိုက်ရမှာပါ။ဘာစီလိုနာမပါတဲ့လာလီဂါပြိုင်ပွဲကို ကျွန်တော်တွေး ကြည့်လို့တောင်မရပါဘူး။ အဲ့ဒီလိုပဲ ကက်တလန်ဒေသ မပါတဲ့ စပိန်နိုင်ငံကိုလည်း တွေးကြည့်လို့ မရပါဘူး။ ဒီဖြစ် ရပ် ဖြစ်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ လိဂ်ပြိုင်ပွဲနာ မည်ကို ဘယ်လို ခေါ်ကြမလဲ။ စပိန်အမှတ်ပေးလိဂ်ပြိုင်ပွဲလို့ ခေါ်မလား။ ဒါမှမဟုတ်။ အယ်လ် ဘာရီယန်(စပိန်၊ ပေါ်တူဂီ၊ ကက်တလန်၊သြစတြီးယား၊ဂယ်လီစီယန်၊ လီယိုနက်စ်၊ မီရန်ဒက်စ်တို့ ပါဝင်သော ဥရောပ၏ ဒုတိယအကြီးဆုံး ကျွန်းစု) အမှတ်ပေးလိဂ်လို့ခေါ်မလား” ဟု ပြောသည်။

ကက်တလန်ဒေသအုပ်ချုပ်ရေးအကြီးအကဲများသည် စပိန်နိုင်ငံမှ ခွဲထွက်သင့်၊ မသင့် နှင့်ပတ်သက်ပြီး ပြည်သူများထံမှ ဆန္ဒမဲကောက်ယူမည်၊ မကောက်ယူမည်ကို လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆုံးဖြတ် မည်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်ခဲ့သော ခွဲထွက်ရေး ထောက်ခံ ပွဲနှင့် ဆန္ဒမဲစည်းရုံး လှုံ့   ဆော်ပွဲသို့ လူပေါင်း ၁.၈ သန်းခန့် တက်ရောက်ခဲ့ကြသည်။ ကက်တလန်ဒေသသည် ဆန္ဒမဲခံယူပြီးလျှင် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့၌ စပိန်နိုင်ငံမှ ခွဲထွက်ခွင့် ရရှိဖွယ်ရှိနေသည်။ ခွဲထွက်ခွင့် ရရှိခဲ့ပါက ဘာစီလိုနာအသင်းနှင့် အက်စ်ပန်ညိုအသင်းတို့သည် ကက်တလန်လိဂ်ပြိုင်ပွဲတွင်သာ ကစားရတော့မည် ဖြစ်သည်။

ဘာစီလိုနာကစား သမားများဖြစ်သည့် ပီကေးနှင့် ဇာဗီတို့မှာ ကက်တလန်ဒေသ လွတ်လပ်ခွင့် ရရှိရေးကို ထောက်ခံအားပေး ခဲ့ကြပြီး ပြည်သူများ အနေဖြင့် မှန်ကန် သည့် ရွေးချယ်မှုပြုလုပ်သင့်ကြောင်း ပြောသည်။

ကက်တလန်ဒေသ ခွဲထွက်ရေးတွင် ဘာစီလိုနာအသင်းသည် ကြီးမားသည့် အင်အားတစ်ခုအဖြစ် ရှိနေသော်လည်း အစဉ်အမြဲ အလိုက်သင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ယခု ကိစ္စရပ်သည်လည်းထိလွယ်ရှလွယ်သည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ပါဝင် ပတ်သက်မည် မဟုတ်ကြောင်းနှင့်အသင်း ဥက္ကဋ္ဌအနေဖြင့် မကြာမီရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ရန် စီစဉ်နေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment