Wednesday, October 8, 2014

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဆိုကာ ဒေါ်လာသိန်းချီ လိမ်လည်

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels & Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ Yangon Rainbow ဟာဂ်ျခရီးသွား ကုမ္ပဏီက စက်တင်ဘာလတွင် ဆော်ဒီသို့ သွားရောက်မည့် လူ ၄၀ ကို ပို့ဆောင်ပေးရန် Arrow Lane Travels & Tours ကုမ္ပဏီနှင့် ဆက်သွယ်ခဲ့ပြီး ဝန်ဆောင်ခ ဒေါ်လာတစ်သိန်း သုံးသောင်းကို လက်မှတ်ရေးထိုး ပေးချေခဲ့ကြောင်း၊ ယင်းနောက် ဟာခ်ျဘုရားဖူးကာလ ကုန်ဆုံးချိန်ဖြစ်သည့် စက်တင်ဘာလ ၂၈ ရက်နေ့အထိ ဘုရားဖူးများကို ပို့ဆောင်ပေးခြင်း မရှိသဖြင့် ပန်းဘဲတန်း မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း Yangon Rainbow ဟာဂ်ျ ခရီးသွား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားသူ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေးမှာ အင်န်ရှာ အလ္လာဟ် ၂၀၁၄ ခုနှစ် ဟာဂ်ျခရီးစဉ် အတွက် ဘုရားဖူးသွားလိုသူ ၃၀၀ ဦးခန့်ထံမှ ဝန်ဆောင်ခ တစ်ဦးလျှင် ကျပ်သိန်း ၅၀ နီးပါး ယူခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ ကုမ္ပဏီရုံးခန်းပိတ်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရုံးခန်းအနီး နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“ဟာဂ်ျခရီးစဉ် လုပ်ငန်းကို သူတို့ ကုမ္ပဏီက လုပ်ကိုင်လာတာ ကြာပြီ၊ ကျွန်တော်တို့လို ကုမ္ပဏီ အသေးလေးတွေဆီ လာဆက်သွယ်တဲ့သူတွေကို သူတို့ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးရင် အကျိုးဆောင်ခရတယ်၊ လက်တွဲလုပ်လာတာ သုံးနှစ်ကျော်ပြီ။ အခု သူတို့ကုမ္ပဏီက MD က ထွက်ပြေးနေတော့ ကျွန်တော်တို့ ကုမ္ပဏီတွေလည်း ရုံးခန်းပိတ်ပြီး ရှောင်နေရတယ်” ဟု ကျောက်တံတား မြို့နယ်အတွင်းရှိ ဟာဂ်ျ ခရီးသွား ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Arrow Lane Travels & Tours ကုမ္ပဏီမှ ဟာဂ်ျဘုရားဖူး ခရီးစဉ်ကို အစိုးရ၏ အစီအစဉ်ဖြင့် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် မက္ကာသို့ ပို့ဆောင် ပေးမည်ဟု ငွေပေးသွင်း ထားသူများကို ပြောကြားခဲ့သော်လည်း စက်တင်ဘာလ ၂၆ ရက်နေ့ နောက်ပိုင်း ဘုရားဖူးများက ယင်းကုမ္ပဏီသို့ ဆက်သွယ်ခဲ့ရာ ကုမ္ပဏီရုံးခန်း ချိပ်ပိတ်ထားပြီး မန်နေးဂျင်း ဒါရိုက်တာ ဦးခင်မောင်အေးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကြားရသလောက်ဆို ကုမ္ပဏီက MD ဦးခင်မောင်အေးက ငွေကျပ်သိန်း တစ်သောင်းကျော် လိမ်လည်သွားတယ်လို့ တိုင်ကြားသူတွေဆီက သိရတယ်၊ ဒီကိစ္စက MD ဖြေရှင်းပေးမှရမှာ ဖြစ်ပေမယ့် ND တို့ မိသားစုကို အဆက်အသွယ် လုပ်လို့မရဘူး၊ ကုမ္ပဏီ ရုံးခန်းကိုလည်း ပိုင်ရှင်ထံ ပြန်အပ်ခဲ့တယ်၊ ဇာတ်လမ်းတွေက တော်တော်ရှုပ်ယှက် ခတ်နေတော့ ကျွန်မတို့လည်း နားမလည်ဘူး” ဟု ယင်း Arrow Lane Travels & Tours ကုမ္ပဏီမှ အမျိုးသမီးက ရှင်းပြသည်။

အဆိုပါ ဟာဂ်ျ ပို့ဆောင်ပေးမည်ဟု ဆိုပြီး ငွေများလိမ်လည်ခဲ့သူမှာ ဗီဇာ အခက်အခဲကြောင့် ဘုရားဖူးများကို မပို့ဆောင် ပေးနိုင်ခြင်း ဖြစ်ကြော င်း၊ ဘုရားဖူးများ ပေးချေထားသော ငွေများကို ပြန်လည် ပေးအပ်ရန် ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေးနှင့် နီးစပ်သူတစ်ဦးက ဟာဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်ရုံးသို့ ဆက်သွယ် သတင်းပေးပို့ထားကြောင်း ယင်းအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။ “ဒီပြဿနာက တစ်ဦးတည်း မဟုတ်ဘူး၊ အများကြီးပဲ။ ၈၇ လမ်းက ဟာဂ်ျခရီး သွားပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုလည်း ပါတယ်။ Yangon Rainbow ကုမ္ပဏီ လည်းပါတယ်၊ ဒါပေမဲ့ Yangon Rainbow ကုမ္ပဏီက ဘုရားဖူးတွေရဲ့ ပိုက်ဆံကို စိုက်လျော်ထားပြီးပြီလို့ ကြားသိရတယ်” ဟု ဟာဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်ရုံးမှ အဖွဲ့မှူး ဦးသန်းဦးက ရှင်းပြသည်။

ဟာဂ်ျခရီးစဉ်သို့ သွားရောက်မည့် ဘုရားဖူးများသည် မိမိဆက်သွယ် သွားလိုသော ခရီးသွား ကုမ္ပဏီမှာ တရားဝင် လိုင်စင် ရှိ မရှိကို သေချာစုံစမ်းရန်၊ ဘုရားဖူးစရိတ် ကြိုတင်ငွေ ပေးချေရာတွင် စာချုပ်စာတမ်းများ ပြုလုပ်ရန် ဟာဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်ရုံးမှ နှစ်စဉ် ထုတ်ပြန်ခဲ့သော်လည်း ဘုရားဖူးသွားလို သူအချို့မှ လေ့လာစူးစမ်းမှု မရှိဘဲ နီးစပ်ရာ ခရီးသွား ကုမ္ပဏီများနှင့် ပြုလုပ်နေသောကြောင့် ငွေကြေး လိမ်လည်မှုများ နှစ်စဉ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ရုံးထံမှ စုံစမ်းသိရှိရသည်။

“အခု အမှုဖွင့်ခံရတဲ့ Arrow Lane Travels & Tours ကုမ္ပဏီက ဆော်ဒီဘက်ကို တရားဝင် ဟာဂျီပို့ဖို့ ခွင့်ပြုချက် ရထားတာ မဟုတ်ဘူး၊ ဒါကို ဘုရားဖူး ပို့ပေးမယ်ဆိုပြီး လူတွေအများကြီး လက်ခံခဲ့တာ၊ ဗီဇာလည်း မရရော ကုမ္ပဏီ ပိတ်ပြီး ထွက်ပြေးတာ၊ ဘုရားဖူးတွေရဲ့ ဆုံးရှုံးခဲ့တဲ့ငွေတွေ ပြန်ရအောင် ဟာဂ်ျ ခရီးစဉ် ကူညီရေး အဖွဲ့ချုပ်က လတ်တလော ညှိနှိုင်းဆောင်ရွက် ပေးနေပါတယ်” ဟု ယင်းအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဦးသန်းဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment