ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ စုဝေးခဲ့ပါတယ်။ အာဆီယံထိပ်သီးနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ခဲ့ကြတာပါ။ ပုံမှန် လုပ်ရိုး လုပ်စဉ်ဖြစ်တဲ့ ဆွေးနွေးပွဲတွေဖြစ်လို့ ပြည်သူတွေကြားထဲ ဒီဆွေးနွေးပွဲ အကြောင်းအရာတွေ လွှမ်းမိုးခဲ့တာ မရှိပါဘူး။ လွှမ်းမိုးလောက်တဲ့ သတင်းတွေလည်း မရှိခဲ့ပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံအပေါ်မှတ်ချက်တွေက လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ အိုဘားမား၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်တို့ရဲ့ ပြောကြားချက်တွေက လှုပ်ခတ်ခဲ့ပါတယ်။
(၂)
မြန်မာနိုင်ငံအတွက် အခုချိန်အရေးကြီးဆုံးက နောက်ကြောင်းပြန်မလှည့်ရေး ဖြစ်ပါတယ်။ ပြုပြင် ပြောင်းလဲရေးတွေ ရပ်တန့်တယ်။ ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှု မြင့်မားနေတယ်။ မတရားမှုတွေ နေရာအနှံ့ ရှိနေသလို မီဒီယာတွေ ဖိနှိပ်ခံနေရပါတယ်။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက သန့်ရှင်းမျှတမှု ရှိရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရပါမယ်။ ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ ကျန်တဲ့အရာတွေကို ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှာ ဖြေရှင်းကြရမှာပါ။
ဒါကြောင့်ပဲ သမ္မတအိုဘားမား၊ မစ္စတာဘန်ကီမွန်တို့ရဲ့ ပြောကြားချက်တွေမှာ ဒီအချက်တွေကို ဦးတည်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် မီဒီယာတချို့နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့က ဘင်္ဂါလီအရေး ရှေ့တန်းတင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ကြိုးစားမှု ထင်သလောက် မအောင်မြင် ခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီလိုအမြင်တွေ ရှိနေတာက ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတိုင်းရင်းသားဆိုတာ လုံးဝမရှိပါဘူး။ လူသားချင်း စာနာထောက်ထားမှုအပြင် အခြားသော အခြေခံအချက်တွေကြောင့် မြန်မာနိုင်ငံသားဖြစ်ချင်ရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ။ ဒီအတွက်လည်း လုပ်ဆောင်ပေးနေတာတွေ ရှိပါတယ်။
(၃)
နိုဝင်ဘာ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းက ဘင်္ဂါလီအရေးကို အဓိကထည့်သွင်း ပြောပါတယ်။
“ဘင်္ဂါလီ (ရိုဟင်ဂျာဟု ၎င်းကသုံးနှုန်းခဲ့)တွေနဲ့ ပတ်သက်ပြီးတော့လည်း ခွဲခြားဆက်ဆံမှုတွေ၊ မမျှတမှုတွေ ရှိနေမှာကို စိုးရိမ်မိပါတယ်။ ချို့တဲ့စွာနေထိုင်နေရတဲ့ သူတို့တွေကို လူသားချင်းစာနာထောက်ပံ့မှုတွေပေးဖို့၊ လူ့အခွင့်အရေးနဲ့အညီ ရပ်တည်ပေးဖို့ မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းချင်ပါတယ်” လို့ မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ ပြဿနာဟာ အမြဲတစေ ရှိနေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေရှိနေသလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ တိုင်းရင်းသားလူနည်းစုတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့တွေကို လျစ်လျူရှုပြီး ဘင်္ဂါလီကိစ္စ တစ်ခုတည်းကို ပြောတာဟာ သဘာဝမကျပါဘူး။
နိုဝင်ဘာ ၁၃ ရက်မှာထပ်လုပ်တဲ့ သတင်းစားရှင်းပွဲမှာ တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ထည့်ပြောပေမယ့် သိပ်ပြီးလေးလေးနက်နက် မရှိသလိုပါပဲ။ ရခိုင်ပြည်နယ်မှာ ရှိနေသူတိုင်း ဖွံ့ဖြိုးတိုးတက်မှုရအောင် ကူညီမယ်ပြောပေမယ့် နောက်ဆုံးတော့ ဘင်္ဂါလီရိုဟင်ဂျာတွေ အကြောင်း ပြန်ရောက်သွားတာပါပဲ။
ဘင်္ဂါလီတွေ ဖိနှိပ်ခံနေရတယ်၊ မမျှမတဖြစ်နေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အမေရိကန်အပါအဝင် နိုင်ငံတကာမီဒီယာတွေဟာ တွင်တွင်ပြောဆိုလေ့ ရှိပါတယ်။
ဒီလိုပြောကြပေမယ့် ဘင်္ဂါလီဒုက္ခသည်စခန်းတွေထဲမှာ ဖြစ်နေတဲ့ ကျား/မ ခွဲခြားဆက်ဆံခံရမှု၊ သူတို့အချင်းချင်းကြား လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒုက္ခသည်စခန်း အကြီးအကဲတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ကျန်တဲ့ဒုက္ခသည်တွေကို နိုင်ထက်စီးနင်းပြုမှုတွေ ရှိနေပါတယ်။ လူ့ကျင့်ဝတ်အရ ဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့ နိုင်ထက်စီးနင်းပြုမူမှုတွေ ရှိနေပါတယ်။ ဒါတွေကို အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေ သိပါတယ်။ ဒါပေမဲ့ မျက်ကွယ်ပြုခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာစာမျက်နှာပေါ် တက်မလာပါဘူး။
(၄)
မစ္စတာဘန်ကီမွန်ရဲ့ ရိုဟင်ဂျာသုံးနှုန်းမှု၊ ဘင်္ဂါလီအရေး ရှေ့တန်းတင်တွန်းအားပေးမှုတွေဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပေးစာကြောင့် ကိစ္စပြတ်သွားပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ပေးပို့ခဲ့တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့ ပေးစာဟာ ထိရောက်မှုရှိတယ်လို့ ဆိုရပါမယ်။
ဘန်ကီမွန်ရဲ့ လူနည်းစုအခွင့်အရေး အလေးထားမှုကို နားလည်ပေမဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့လို့ ရခိုင်တိုင်းရင်းသားနဲ့ ဘင်္ဂါလီလူမျိုးကြား ကွဲပြားမှုပိုမိုကျယ်ပြန့်စေခဲ့တယ်။ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကြားမှာ နားလည်မှုလွဲစေတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီလူမျိုး အသိုင်းအဝန်းနှစ်ခုကြား လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လက်တွေ့ဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေအပေါ်လည်း ထိခိုက်စေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုပါတယ်။
ဘယ်လိုတွန်းအားပေးမှုတွေပဲရှိရှိ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ တိုင်းရင်းသားဖြစ်လာမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုပဲထောက်ပြသည်ဖြစ်စေ၊ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပဲ ဆုံးဖြတ်ကြရမှာပါ။ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေတဲ့ ဘင်္ဂါလီအရေအတွက် ရှစ်သိန်းရှိပါတယ်။ သူတို့ကို တိုင်းရင်းသားအဖြစ် လက်ခံမယ်ဆိုရင် . . . . .
ဒါကြောင့်ပဲ အဲဒီနေ့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲ မစ္စတာဘန်ကီမွန်းရဲ့ လေသံဟာ အနည်းငယ်ပြောင်းသွားပါတယ်။ ဘင်္ဂါလီအရေးကိုတော့ အလျှော့မပေးပါဘူး။ ရခိုင်ပြည်နယ်မှာ နေထိုင်သူတိုင်း ဖွံ့ဖြိုးအောင်ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပေးစာကို သူနားမလည်နိုင်ဘူးလို့လည်း ပြောခဲ့ပါတယ်။
အဲဒီနေ့မှာ မစ္စတာဘန်ကီမွန် ပြောတာတွေကို ပြန်ကြည့်ရင် သူ့အနေနဲ့ ဘင်္ဂါလီအရေးမှာ သတင်းအချက်အလက်အမှားတွေ ရနေသလားလို့ ထင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေ၊ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေက အမြဲလိုအငြင်းပွားစရာ ဖြစ်နေပါတယ်။ သူတို့သဘောထားတွေကို အခြေခံရေးလေ့ရှိတဲ့ နိုင်ငံတကာ မီဒီယာတချို့ရဲ့ တင်ပြပုံတွေက လွဲမှားသလို ဖြစ်နေပါတယ်။
(၅)
နိုင်ငံတကာ မီဒီယာတချို့ဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံရဲ့ ချိန်ကိုက်ဗုံးတစ်ခုလို အလွန်အကြူး ရေးသားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူနည်းစုတိုင်းရင်းသား များစွာရှိနေပေမယ့် သူတို့တွေထက် တိုင်းရင်းသားမဟုတ်တဲ့ ခိုးဝင်ဘင်္ဂါလီတွေအကြောင်း တွန်းတင်ရေးသားလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ မေတုန်းကလည်း ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတာကို Foreign Policy မဂ္ဂဇင်းက ရေးခဲ့ပါတယ်။ ဘင်္ဂါလီအရေးမှာ မြန်မာပြည်တွင်း မီဒီယာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကပါ နှုတ်ဆိတ်ပြီး အမှန်တရားကို မပြောကြားဘူးလို့ သူတို့က ဝေဖန်ပါတယ်။
မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ ဖိနှိပ်ခံနေရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ နောက် လူမျိုးသုဉ်း သတ်ဖြတ်ခံနေရတဲ့အထိ လွန်လွန်ကြူးကြူး ဖော်ပြကြတဲ့ မီဒီယာတွေထဲမှာ The New York Times သတင်းစာလည်း ပါပါတယ်။
နိုဝင်ဘာ နေပြည်တော် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလမှာလည်း ဘင်္ဂါလီအရေး ရှေ့တန်းရောက်အောင် The New York Times က တွန်းပို့ခဲ့တာတွေ ရှိပါတယ်။
နေပြည်တော် အာဆီယံ ထိပ်သီးစတင်တဲ့ နိုဝင်ဘာ ၁၂ ရက်မှာ The New York Times ကသတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တဲ့ သတင်းဆောင်းပါးတစ်ခုကို ဖော်ပြပါတယ်။
For Some, Daw Aung San Suu Kyi Falls Short of Expectations in Myanmar လို့ ခေါင်းစီးတင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဩဇာကျဆင်းလာတယ်လို့ သူတို့က ပြောချင်ပုံရပါတယ်။ ဆောင်းပါးကို ဦးတည်တဲ့အခါ ဘင်္ဂါလီအရေးမှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုအပေါ် သာသာထိုးထိုး ဝေဖန်ခဲ့ပါတယ်။
(၆)
လက်တွေ့အခြေအနေမှာ The New York Times က ရေးသားခဲ့တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုတွေက သိသိသာသာ မြင့်တက်နေပါတယ်။ နိုဝင်ဘာ ၈ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်က ဒီအချက်ကို သက်သေပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားဒေသတွေမှာပါ ဩဇာလွှမ်းမိုးမှု ပိုလာပါတယ်။
သမ္မတအိုဘားမား အမြဲဖတ်လေ့ရှိတယ်ဆိုတဲ့ The New York Times သတင်းစာရဲ့ ရပ်တည်ချက်က သံသယဖြစ်စရာပါ။ နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်၊ ဘင်္ဂါလီအရေးကို တွန်းအားပေးခဲ့တယ်။ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲစတဲ့ နိုဝင်ဘာ ၁၃ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရေးတဲ့ ဆောင်းပါးကို The New York Times သတင်းစာမှာပဲ ဖော်ပြခဲ့ပါတယ်။
ဝန်ကြီးဦးစိုးသိန်းရဲ့ ဆောင်းပါးက Myanmar Needs Time ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ မြန်မာ့အရေးမှာ လူနည်းစုတိုင်းရင်းသားတွေ ဖိနှိပ်ခံရတာ၊ မြန်မာ့အပြောင်းအလဲ အရာမထင်တာ၊ မီဒီယာတွေ ဖိနှိပ်ခံနေရတာ၊ မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာကို The New York Times အယ်ဒီတာအဖွဲ့က ကောင်းကောင်းသိနေပါတယ်။ သူတို့ရဲ့ အယ်ဒီတာ့အာဘော်တွေမှာလည်း ဒီအချက်တွေကို ထောက်ပြတာတွေ့ရလေ့ ရှိပါတယ်။
ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ သမ္မတဦးသိန်းစိန်တို့ သီးခြားတွေ့ဆုံမယ့် နိုဝင်ဘာ ၁၃ ရက်မှာ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရဲ့ဆောင်းပါးကို သူတို့ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အချိန်လိုအပ်တယ်လို့ ဦးစိုးသိန်းက ဆိုပါတယ်။ အချိန်ဘယ်လောက် ထပ်ယူချင်ပါသေးသလဲ။ သမ္မတဦးသိန်းစိန် အစိုးရအတွက် အချိန်တစ်နှစ်ပဲ ကျန်ပါတော့တယ်။
ဒီနေရာမှာ သမ္မတဦးသိန်းစိန်အစိုးရ အထူးသဖြင့် ဦးစိုးသိန်းအုပ်စုနဲ့ အမေရိကန်သံအရာရှိတွေ၊ အမေရိကန်အစိုးရ အဖွဲ့ဝင်တွေကြားမှာ ဘယ်လိုကတိကဝတ်တွေ ရှိနေသလဲ၊ ဘယ်လို အပေးအယူတွေ ရှိနေသလဲဆိုတာ မေးခွန်းထုတ်ဖို့ ကောင်းပါတယ်။ ရှိတယ်လို့ တစ်ထစ်ချပြောရခက်သလို မရှိဘူးလို့ ယတိပြတ်ပြောနိုင်ဖို့လည်း ခက်ပါတယ်။ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါမှာ။
(၇)
နိုဝင်ဘာ ၁၄ ရက်၊ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမှုအပေါ် The New York Times သတင်းစာက သတင်းဖော်ပြပါတယ်။
Obama and Aung San Suu Kyi Meet Again, With Battle Scars လို့ ဖော်ပြတဲ့ ဒီသတင်းမှာလည်း ဘင်္ဂါလီအရေးကို သာသာထိုးထိုး ဖော်ပြခဲ့ပြန်ပါတယ်။ နိုဝင်ဘာ ၁၃ ရက် သမ္မတအိုဘားမားနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြတဲ့ Obama Prods Myanmar Back Toward Democracy သတင်းမှာလည်း ဘင်္ဂါလီအရေးကို တွန်းအားပေးဖော်ပြပါတယ်။
နေပြည်တော် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလ၊ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကာလတွေမှာ ဘင်္ဂါလီအရေးကို ရှေ့တန်းတင်နိုင်ဖို့ အမေရိကန်မီဒီယာတချို့က ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူးလို့ ဆိုရမှာပါ။
ဘင်္ဂါလီအရေးရော၊ တောင်တရုတ်ပင်လယ်အရေးပါ ရှေ့တန်းမရောက်ခဲ့ပါဘူး။ လူထုကို လွှမ်းမိုးနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၁၄ ရက် သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာလုပ်ခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေနဲ့ သမ္မတအိုဘားမား တွေ့ဆုံမှု အကြောင်းအရာတွေကပဲ လွှမ်းမိုးခဲ့ပါတယ်။
(၈)
ဘင်္ဂါလီအရေးက ရှင်းပါတယ်။ ဘယ်လိုတွန်းအားပေးမှုတွေပဲရှိရှိ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ တိုင်းရင်းသားဖြစ်လာမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုပဲထောက်ပြသည်ဖြစ်စေ၊ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပဲ ဆုံးဖြတ်ကြရမှာပါ။
ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေတဲ့ ဘင်္ဂါလီအရေအတွက် ရှစ်သိန်းရှိပါတယ်။ သူတို့ကို တိုင်းရင်းသားအဖြစ် လက်ခံမယ်ဆိုရင် မြန်မာနိုင်ငံ ပြင်ပမှာရှိနေတဲ့ ၄ ဒသမ ၂ သန်းခန့်ရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံက လက်ခံရတော့မှာပါ။
ဘင်္ဂါလီအရေးဟာ လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းကမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်ရမှာပါ။ ဒါကြောင့် ဘင်္ဂါလီအရေး တွန်းတင်မှုတွေ ဘယ်လိုပဲရှိရှိ မြန်မာလူထုကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။
Eleven Media Group
No comments:
Post a Comment