Friday, November 28, 2014

လူထုဆန္ဒ ဘယ်လိုပြုကြမလဲ

တစ်ချိန်တုန်းက တပ်မတော်သာအမိ၊ တပ်မတော်သာ အဖဆိုသည့်စကားက တော်တော်ခေတ်စားခဲ့သည်။ အခုတော့ ထိုသို့မဟုတ်တော့။ ပြည်သူသာ အမိ၊ ပြည်သူသာအဖဟု အစားထိုး သုံးနှုန်းလာသည်။

နေရာတိုင်းတွင် ပြည်သူ့ဆန္ဒ အတိုင်းဟု ဆိုလာကြသည်။ သို့အတွက် ကျွန်တော်တို့ပြည်သူ များတွင် တာဝန်ယူရမှုများ တော်တော်များလာတော့သည်။
ပြီးခဲ့သည့် ၂ဝဝ၈ခုနှစ်တုန်းကဆိုလျှင် ပြည်သူ့ဆန္ဒဟု ဆိုကာ ယနေ့အထိ ဝေဖန်မှုများ အတော မသတ်နိုင်သေးသော ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည်။

တိုင်းပြည်၏မဲပေးနိုင်ခွင့်ရှိသူများ၏ ၉၂ရာခိုင်နှုန်းသော ပြည် သူ့ဆန္ဒမဲများဖြင့် အတည်ပြုခဲ့သည်ဟု ဆိုထားသည်။ အမှန် တကယ် ကျွန်တော်တို့ပြည်သူများက ဆန္ဒပြုခဲ့ပါသလားဟု မိမိကိုယ် မိမိပြန်သုံးသပ်ကြပါ။ ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့ သည့် မြို့နယ်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်စသဖြင့် အဆင့်ဆင့်ပြည်သူ့ကိုယ်စားလှယ်များ ပေါ် ထွက်လာခဲ့သည်။ ထိုသူတို့သည် ယနေ့အချိန်တွင် ပြည်သူ များ၏အကျိုးကို တကယ်ပြုနေကြပါ၏လော။

ဆန္ဒမဲပေးမိသူ များ ကိုယ်တိုင်ပြန်သုံးသပ်ကြပါလော့။
ဒီနှစ်ထဲမှာပဲ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက် လူထုဆန္ဒမဲလက်မှတ် ငါးသန်းကျော် ကောက်ယူပြီး သက်ဆိုင်ရာဥပဒေပြုရေးလွှတ်တော်များသို့ တင်ပြသည်။ ထိုမှတစ်ဖန် မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သော နိုင်ငံတော်သမ္မတအပါအဝင် ကာကွယ်ရေးဦးစီး ချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ထံ ရောက်သည်။

တစ်နေ့က နိုင်ငံခြားသတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်း ခန်းမှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က လူဦးရေ ၅၁သန်းမျှရှိသော မြန်မာနိုင်ငံတွင် ငါးသန်း သောသူများ၏ ဆန္ဒကို အလေးထားဖို့လိုသလို ကျန်သည့် ၄၆ သန်းထဲမှ အသက် ၁၈နှစ်အထက် မဲပေးခွင့်ရှိသူများ၏ ဆန္ဒ များကိုလည်း သိလိုသေးသည်ဟု အကြောင်းပြသည်။ နိုင်ငံ ရေးသမားများ ကတော့ ကာကွယ်ရေးဦးစီးချုပ်၏ ပုဒ်မ ၄၃၆ အပေါ် မပြင်လိုသည့်သဘောထားကို မြင်တွေ့ခွင့်ရခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်၏ ¤င်းသဘောထားကိုထောက် ပြကာ အထက်ပါ နိုင်ငံခြားသတင်းဌာနကပင် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခန်းတွင် ထည့် ပြောခဲ့သည်။ ထိုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ဒါဆိုလဲ လူထုဆန္ဒခံယူပွဲလုပ် လိုက်ပေါ့''ဟု ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။ သို့ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ တွေ လုပ်လာဖို့ရှိနေပါသည်။

လာမည့် ၂ဝ၁၅မေလတွင်လည်း လူထုဆန္ဒခံယူပွဲလုပ်ဖို့ရှိသည်ဟု သူရဦးရွှေမန်းက အတည် ပြုထားသည်။

ဆိုရသော် ကျွန်တော်တို့ပြည်သူတွေ မည်သို့ဆန္ဒပြုကြ ပါမည်နည်း။ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် နေ့စဉ်စား နေကျထမင်းတစ်နပ်၊ နေ့စဉ်လုပ်နေကျအလုပ်တွေထက် မည် သို့မျှအရေးမပါနိုင် ဆိုသည့်အတွေးအယူအဆမျိုးကို ဘေးမှာ ချိတ်ပြီး စိတ်ပါဝင်စားစွာဖြင့် ဆန္ဒပြုဖို့လိုလာပါပြီ။

တိုင်းပြည် ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံ တော်အဆင့်အတန်းစသဖြင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ကိုပုံဖော်ပေးမည့် အတွက် ကျွန်တော်တို့ပြည်သူများ စိတ်ပါ ဝင်စားဖို့လိုပါသည်။

တစ်ချိန်တုန်းကလို ကိုယ်တွေမသိလိုက်ပါဘဲ ကိုယ်တွေ ရဲ့ဆန္ဒတွေပါဟုဆိုကာ အတုအယောင်ဆန္ဒမဲ များကို အစား ထိုးမခံကြပါနဲ့တော့။

မည်သို့ဆန္ဒပြုကြမည်ကိုသာ စဉ်းစားတွေး ရှုကြပါလော့ဟု တိုက်တွန်းအပ်ပါသည်။

အယ်ဒီတာ
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၆)။
TheYangonTimes

No comments:

Post a Comment