Tuesday, December 9, 2014

ဝန်ထမ်းများ လစာတိုးပေးရန် နိုင်ငံတော်ဘဏ္ဍာ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းလုပ်ငန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်မည်ဟု လွှတ်တော် စီမံ/ဘဏ္ဍာကော်မတီဝင် ပြောကြား

ဝန်ထမ်းများ လစာတိုးပေးရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပြုန်းတီး မှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများကို ဆောင်ရွက်မည်ဟု ပြည်ထောင်စု လွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးပူးပေါင်းမှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ် စတင်သည့်ကာလမှစ၍ တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာ လျော်ညီသည့် သင့်တင့်မျှတသော လစာစရိတ်များ ဖြစ်ပေါ်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရတို့အား တိုက်တွန်းကြောင်း အဆိုကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ နှင့် အညီ အစိုးရမှ ဆက်လက် အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများလစာ စရိတ်တိုးပေးနိုင်ရန် ဘဏ္ဍာရေးကျောထောက်နောက်ခံရှိရန် လိုကြောင်း ဦးဝင်းသန်းက ပြောကြားသည်။

ထိုသို့ ဘဏ္ဍာရေးကျောထောက်နောက်ခံရှိရန်အတွက် နိုင်ငံတော်၏ အခွန်အကောက် နှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေအရပ်ရပ် တောင့်တင်းခြင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို လေလွင့်ပြုန်းတီးစေနိုင်သည့် စီမံကိန်းများကို စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးဝင်းသန်း က ဆိုသည်။

ဦးဝင်းသန်းက “လာမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်က စီမံကိန်းနဲ့ ဘတ်ဂျက်လွှတ်တော်လေ။ အဲဒီအခါ အစိုးရက ဆောင်ရွက်မယ့် စီမံကိန်းတွေတင်လာမယ်။ အဲဒီတင်လာမယ့် စီမံကိန်းတွေကို ဝန်ထမ်းတွေ လစာတိုးပေးဖို့ စနစ်တကျစိစစ်ဖြတ်တောက်မယ်။ ဥပမာ-ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းတွေပါလာရင် စနစ်တကျ စိစစ်ဖြတ်တောက်မယ်”ဟု ဦးဝင်းသန်းက ဆိုသည်။

ထိုအတူ အစိုးရအတွက် အရှုံးများစွာဖြစ်ပေါ်နေသည့် ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်မှာ ပြီးစီးမည်ဟု ခန့်မှန်းဆောင်ရွက်နေသည့် မရမ်းကုန်း ကုန်တင်ယာဉ် ထုတ်လုပ်ရေးစီမံကိန်း၊ မြိုင်မြို့နယ် မော်တော်ယာဉ် မိုလင်းဒိုင်ထုတ်လုပ်မည့် စီမံကိန်း၊ နဘူးအိုင် ကုန်တင်ယာဉ်ဝင်ရိုး စီမံကိန်း၊ သာဂရ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစီမံကိန်းများကိုလည်း အစိုးရအနေဖြင့် ပြန်လည်စိစစ်သုံးသပ်ကာ လိုအပ်ပါက ရပ်နားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အတူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က “၂ဝ၁၅ ခုနှစ်ဟာ ပထမငါးနှစ်စီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်လို့ စီမံကိန်းအသစ်များနဲ့ ဆောင်ရွက်ဆဲစီမံကိန်း Project များကို အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးရေးနှင့် နှစ်စဉ်ပြည်သူဗဟိုပြု ဖွံ့ဖြိုးစေမယ့် ပြည်သူများအမှန်တကယ် လက်တွေ့ခံစားနိုင်စေမယ့် ဦးစားပေးလုပ်ငန်းများပါ စီမံကိန်းလုပ်ငန်းများကိုသာ စိစစ်ဦးစားပေးဆောင်ရွက်ဖို့အတွက် ညှိနှိုင်း လုပ်ဆောင်လျက်ရှိပါတယ်” ဟု လွှတ်တော်၌ ပြောကြားထားသည်။

ထိုပြင် လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် (၂ဝ၁၅ ခုနှစ်၊ ဧပြီ ၁ ရက်) မှ စတင်ကာ ကာကွယ်ရေးအပါအဝင် ဝန်ထမ်းဦးရေ ၁ သန်း ၄ သိန်းကျော်အား သင့်တင့်မျှတသောလစာ တိုးပေးမည်ဖြစ်သော်လည်း ကျန်ပြည်သူ သန်း ၅ဝ ကျော်အတွက် ကုန်ဈေးနှုန်းကြီး မြင့်လာနိုင်သည့်အနေအထားများကိုထည့်သွင်းစဉ်းစားနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment