Friday, December 19, 2014

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသက်သေများ တွေ့ထားပြီဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကို စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသည့် သက်သေများကို တွေ့ထားပြီ ဖြစ်ကြောင်း မြန်မာသံရုံး၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောကြားသည်။သို့သော်လည်း ယင်းအမှုအတွက် အရေးကြီးသည့် အဓိက သက်သေအချို့မှာ သက်သေထွက်ဆိုရန် ငြင်းဆိုနေသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ သိထားတဲ့ တစ်ယောက် နှစ်ယောက်ကသာ ပါလာလို့ရှိရင် ဒီအမှုကြီးက ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဦးထူးချစ်က ပြောဆိုသည်။



အဆိုပါအမှုကို ပြန်လည်ထုချေရန် ထွက်ဆိုပေးမည့် သက်သေအချို့ကို ရရှိထားပြီ ဖြစ်ပြီး အချို့သက်သေများကို မြန်မာသံရုံးတွင် ခေါ်ဆောင်ထားပြီ ဖြစ်ကာ အချို့မှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်ကာ သက်သေ ထွက်ဆိုပေးရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
သက်သေထွက်ပေးမည့်သူ အချို့မှာ ထိုင်းနိုင်ငံတွင် မိမိအစီအစဉ်နှင့် နေထိုင်နေကြပြီး သက်သေတစ်ဦးချင်းစီ၏ တန်ဖိုးအပေါ် မူတည်ကာ လုံခြုံရေး၊ စားဝတ်နေရေး ကိစ္စများကို ပံ့ပိုးပေးရန် မြန်မာအစိုးရကို ကမ်းလှမ်းထားကြောင်း အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ထံမှ သိရှိရသည်။
ယင်းလူသတ်မှုကို အမှုမှန် ပြန်လည်ဖော်ထုတ်ရန် သက်သေများကို တွေ့ရှိထားပြီ ဖြစ်သော်လည်း တရားခွင်တွင် ထွက်ဆိုပေးရန် တောင်းဆိုရာတွင် ငြင်းဆန်မှုများ ရှိနေသဖြင့် အခက်အခဲ ကြုံနေကြောင်း၊ အရေးကြီးသည့် သက်သေအချို့မှာလည်း ထွက်ဆိုပေးရန် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးထူးချစ်က ဆိုသည်။

သက်သေများမှာ ခြိမ်းခြောက်ခံထားရခြင်း၊ ငွေကြေးအကျိုးအမြတ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းသူဌေးတို့ကို ကြောက်လန့်မှု၊ ထိုင်းနိုင်ငံတွင် အလုပ်မလုပ်ရမည်ကို စိုးရိမ်မှုများ ရှိနေ၍ အဆင်မပြေ ဖြစ်နေကြောင်း အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ထံမှ သိရှိရသည်။

“ကျွန်းပေါ်မှာရှိတဲ့ မြန်မာတွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်။ ဆိုလိုချင်တာက တစ်စုံတစ်ရာ ခြိမ်းခြောက်မှုတွေ ခံနေရတယ်။ ဖြစ်ပွားတဲ့ ဘားမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေ ကိုယ်တိုင်ကိုက ထွက်ဆိုရဲအောင် နည်းလမ်းအများကြီးနဲ့ လုပ်နေပါတယ်” ဟု ဦးထူးချစ်က ပြောကြားသည်။
အမှုအတွက် လိုအပ်သည့် သက်သေများကို လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီတို့ကလည်း ရှာဖွေနေကြောင်း အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ထံမှ သိရှိရသည်။
သက်သေများ ရရှိရေးအတွက် ရခိုင်ပြည်နယ်၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့သို့ သွားရောက်မည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများနှင့် ဆက်သွယ်လုပ်ဆောင်ရန် မြန်မာသံအမတ်က ညွှန်ကြားထားကြောင်း အဆိုပါအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုခုနစ်ခုဖြင့် တရားစွဲဆိုထားပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရုံးချိန်း ထပ်ထုတ်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment