Monday, December 22, 2014

အကယ်ဒမီဆု ဘယ်သူတွေဆွတ်ခူးမလဲ


အနုပညာရှင်များအတွက် အောင်မြင်မှုမှတ်တိုင်အဖြစ် မှတ်ယူထားကြသော အကယ်ဒမီထူးချွန်ဆုများ ရွေးချယ်ပေးအပ်ရန် ၁၀ ရက်သာ လိုပါတော့သည်။ ၂၀၁၃ အတွင်း ရုံတင်ပြသခဲ့ကြသော ဇာတ်ကားများထဲမှ ဆန်ခါတင်ခြောက်ကားကို ရွေးချယ်ထားပြီးဖြစ်ရာ ထိုကားများထဲမှ ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ချီးမြှင့်သွားတော့မည်ဖြစ်သည်။ အကယ်ဒမီပေးပွဲနီးလာသည်နှင့်အမျှ ထင်ကြေးပေးခံနေရသော ကာယကံရှင်အနုပညာရှင်တို့၏ ရင်ခုန်သံများမှာလည်း ပရိသတ်များနှင့် ထပ်တူမြန်နေလေပြီ။ ယခုနှစ်တွင် အစိုးရ၀န်ကြီးဌာနကမဟုတ်ဘဲ အနုပညာရှင်၊ အတတ်ပညာရှင်များက ရွေးချယ်မည်ဖြစ်သဖြင့် အနုပညာအရည်အသွေးကို ပိုမိုမှတ်ကျောက်တင် အကဲဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည့်အတွက် အနုပညာရှင်များရော ပရိသတ်များပါ တစ်ခုခုထူးခြားလေမလားဟု စောင့်မျှော်နေကြပါပြီ။ ထို့ကြောင့် အကယ်ဒမီဆုရရှိမည်ဟု ထင်ကြေးပေးခံရသော အနုပညာရှင်များအကြောင်းနှင့် ၎င်းတို့၏ အကယ်ဒမီစကားသံများကို ကြိုတင်ဖော်ပြပေးလိုက်ပါသည်။နေတိုး

နေတိုးကို စေတန်ရဲ့ကချေသည်နှင့် စုန်းပြူးဇာတ်ကားများတွင် ၂၀၁၃ အတွက် အမျိုးသား ဇာတ်ဆောင်ဆုရနိုင်သည်ဟု ရုပ်ရှင်အသိုင်းအ၀ိုင်းနှင့် ပရိသတ်များက ခန့်မှန်းပေးထားကြသည်။ ‘‘စေတန်ရဲ့ကချေသည်’’ဇာတ်ကားတွင် ငွေကြေးဖြင့် အရာရာကိုဖြေရှင်းသူတစ်ဦး ဖြစ်သော်လည်း မိသားစုမေတ္တာငတ်မွတ်သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး စုန်းပြူးဇာတ်ကားတွင်မူ မိသားစုအတွက် အနစ်နာခံခဲ့သော်လည်း မိသားစုဝင်များက ‘‘စုန်းပြူး’’တစ်ယောက်အဖြစ် ဆက်ဆံခံရသူ တစ်ဦးအဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားသည်။ အကယ်ဒမီနှင့်ပတ်သက်၍ နေတိုးက ပရိသတ်အားပေးမှု အများဆုံးရရှိသည့်ဇာတ်ကားဖြင့် အကယ်ဒမီရလိုသည်ဟုလည်း ပြောထားသည်။ ‘‘ဒီနှစ်ထဲမှာ ကျွန်တော့်ကားတွေများတယ်။ နောက်ပြီး ဇာတ်ရုပ်တွေကလည်း မျှော်လင့်လို့ရမယ့် ဇာတ်ရုပ်တွေပါတယ်ဆိုတော့ နှစ်တိုင်းနှစ်တိုင်းထက်စာရင် အကယ်ဒမီနဲ့ပတ်သက်ပြီး ရင်ခုန်သံရှိနေတဲ့နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်’’ဟု အကယ်ဒမီရင်ခုန်သံကို နေတိုးက ပြောပြသည်။ ထို့အပြင် ယခုနှစ် အကယ်ဒမီသည် အနုပညာအကြောင်းကို သိနားလည်သည့် အနုပညာရှင်ကြီးများက ရွေးချယ်ပေးခြင်းဖြစ်သောကြောင့် ပိုမိုတန်ဖိုးရှိမည်ဟုထင်ကြောင်း ယခုနှစ် အကယ်ဒမီပေးရန် ရွေးချယ်ရေး အပေါ် ၎င်း၏အမြင်ကို ပြောသည်။

ပြေတီဦး

ပြေတီဦးကိုလည်း ၂၀၁၃ အတွက် အမျိုးသားဇာတ်ဆောင်ဆုရနိုင်သည်ဟု ခန့်မှန်းပေးထားကြသည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကားနှစ်ကားမှာ အကယ်ဒမီဆန်ခါတင်စာရင်းတွင် ပါဝင်ပြီး ယင်းနှစ်ကားစလုံးမှာ ဒရာမာဇာတ်ကားများဖြစ်သောကြောင့် အကယ်ဒမီရနိုင်သည်ဟု ထင်ကြေးပေးနေကြခြင်းဖြစ်သည်။ သို့သော် ‘‘နင်စေရင်’’ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်မှာ ပရိသတ်များ၏ရင်ထဲကို ပိုမိုရောက်ရှိသည်ဟုပြော၍ရသည်။ အချစ်အတွက် အရာရာကို စွန့်လွှတ်နိုင်သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ကာရိုက်တာနှစ်မျိုးပြောင်း၍ သရုပ်ဆောင်ထားသည်။ အကယ်ဒမီနှင့်ပတ်သက်၍ ပြေတီဦးက ‘‘အကယ်ဒမီကတော့ ရရင်လိုချင်ပါတယ်။ မရရင်လည်း အဲဒီအပေါ်မှာ ကျေနပ်နိုင်အောင် ပြင်ဆင်ထားပါတယ်။ နှစ်ကားစလုံးမှာ အကောင်းဆုံးကြိုးစား ထားတာဆိုတော့ ဘယ်ကားနဲ့ပဲရရ ကျေနပ်ပါတယ်’’ဟု ပြောသည်။ ထို့အပြင် ယခုနှစ်အကယ်ဒမီသည် ရုပ်ရှင်အကြောင်း တတ်သိနားလည်သူများက ရွေးချယ်ပေးခြင်းဖြစ်သောကြောင့် အကယ်ဒမီ၏တန်ဖိုးလည်း မြင့်တက်လာကြောင်း ၎င်းကမှတ်ချက်ပြုထားသည်။

ကျော်ကျော်ဗို

သည်ဘက်ခေတ်တွင် ဟာသကားများကိုပါ အကယ်ဒမီပေးလာသကဲ့သို့ ယခုနှစ်၏ အကယ်ဒမီဆန်ခါတင် စာရင်းတွင် ပါဝင်သည့် တစ်ကားတည်းသော ‘‘ကိုယ့်အထာနဲ့ကိုယ်’’ဟာသဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသော ကျော်ကျော်ဗိုကို အမျိုးသားဇာတ်ပို့ဆုရနိုင်သည်ဟု ခန့်မှန်းပေးထားသည်။ ယင်းဇာတ်ကားတွင် ကျော်ကျော်ဗိုက နားမကြားသူတစ်ယောက် ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထားပြီး နားကြားသူတစ်ယောက်ဖြစ်သောကြောင့် နားမကြားသည့် ပုံစံရရှိရန် ကြိုးစားခဲ့ရသည်ဟု ကျော်ကျော်ဗိုကပြောသည်။ အကယ်ဒမီတစ်ကြို ခန့်မှန်းပေးခြင်းသည် ၎င်းဖန်တီးထားသည့် အနုပညာကို အသိအမှတ်ပြုခံရခြင်းဖြစ်သောကြောင့် ၀မ်းသာကြောင်း ကျော်ကျော်ဗိုကပြောသည်။ ယင်းဇာတ်ကားရိုက်ကူးသည့်အချိန်က လုပ်နိုင်သည် အနုပညာဖြင့် အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကယ်ဒမီခံစားမှုအနေဖြင့် ပေါ့ပေါ့ပါးပါးသာ ခံစားထားကြောင်း ပြောသည်။ ‘‘အကယ်ဒမီကတော့ ရရင်ယူမယ်၊ မရရင်မယူဘူး။ အဲဒီလိုပဲ စိတ်ထားပါတယ်’’ဟု ကျော်ကျော်ဗိုကပြောသည်။ အကယ်ဒမီရွေးချယ်ရေးကို ရုပ်ရှင်အစည်းအရုံးက ပြုလုပ်သည့်အပေါ် ကြိုတင်၍ မသုံးသပ်လိုဘဲ ပထမဆုံးအပြောင်းအလဲကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ပြီးမှသာ သိနိုင်မည်ဟု ၎င်းကမှတ်ချက်ပေးသည်။

အိန္ဒြာကျော်ဇင်

‘‘အဖြူရောင်ရဲတိုက်’’ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ရုပ်သည် အိန္ဒြာကျော်ဇင်အတွက် ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုရနိုင်သည့် ဇာတ်ကားဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ မိသားစုမေတ္တာဘွဲ့ဇာတ်ကားဖြစ်ပြီး တစ်ချိန်က ချစ်သူနှင့် ခင်ပွန်းဖြစ်သူတို့ကြား ဘေးကျပ်နံကျပ် သရုပ်ဆောင်ရသည့် ဇာတ်ရုပ်ကို အိန္ဒြာကျော်ဇင်က အကောင်းဆုံးသရုပ်ဆောင်ပြနိုင်သောကြောင့် ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကလည်း ယင်းဇာတ်ကားတွင် အိန္ဒြာကျော်ဇင် အကယ်ဒမီရနိုင်သည်ဟု ခန့်မှန်းပေးထားသည်။ အကယ်ဒမီတစ်ကြိုစာရင်းထဲတွင် နာမည်ပါနေသော်လည်း အကယ်ဒမီအတွက် အများကြီးမျှော်လင့်မထားကြောင်း အိန္ဒြာကျော်ဇင်ကပြောသည်။

‘‘ဘယ်သူပဲရရ ဒီကိစ္စအပေါ် အရမ်းကြီး Serious မထားဘူး။ အကယ်ဒမီဆိုတာ အနုပညာသမားတိုင်းတော့ လိုချင်ကြတာပဲ။ ဒါပေမဲ့မရခဲ့ရင် အရမ်း Stress မဖြစ်ချင်တော့ ပေါ့ပေါ့ပါးပါးပဲ ထားထားပါတယ်’’ဟု အိန္ဒြာကျော်ဇင်ကပြောသည်။

ပြေတီဦးလည်း ယခုနှစ်အတွက် အကယ်ဒမီတစ်ကြိုစာရင်းတွင် ပါဝင်လျက်ရှိရာ ဇနီးမောင်နှံနှစ်ယောက်စလုံးကို အကယ်ဒမီစင်မြင့်၌ မြင်တွေ့ခွင့်ရ၊ မရဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းနေသည်။ အိန္ဒြာကျော်ဇင်ကမူ ၎င်းတို့ အဲဒီလောက် ကံမကောင်းနိုင်ပါဟု ယင်းကိစ္စအပေါ် သုံးသပ်သည်။

ဝတ်မှုံရွှေရည်

‘‘နင်စေရင်’’ ဇာတ်ကားသည် ဝတ်မှုံရွှေရည်၏ မှတ်တိုင်တစ်ခုဟု ပြောနိုင်သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ ယခင်ရုံကြီးကားများတွင် ဟာသဇာတ်ရုပ်များသာ မြင်တွေ့ရလေ့ရှိသော်လည်း ‘‘နင်စေရင်’’ ရုပ်ရှင်ဇာတ်ကားတွင်မူ ဖြူဖြူစင်စင်ကောင်မလေးတစ်ယောက်၏ ဇာတ်ရုပ်နှင့် မိခင်၏ကျန်းမာရေးအတွက် မချစ်သော်လည်း အသက်ကြီးကြီးသူဌေးတစ်ယောက်၏ အငယ်အနှောင်းတစ်ယောက်အဖြစ် ပီပီပြင်ပြင် ပါဝင်သရုပ်ဆောင်ထားသည်။ ‘‘နင်စေရင်’’ဇာတ်ကားနှင့် အကယ်ဒမီရနိုင်သည်ဟု ပရိသတ်အများစုက ထင်ကြေးပေးပြောဆိုမှုများရှိသော်လည်း အကယ်ဒမီဆိုသည်မှာ နတ်ကြီးသောကြောင့် များစွာမျှော်လင့်မထားကြောင်း ၀တ်မှုံရွှေရည်ကပြောသည်။ ‘‘နင်စေရင်ကားလေးကို စရိုက်ကတည်းက ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေက ကစ်ကို ဂါဂါဆိုတဲ့ ဇာတ်ရုပ်ရယ်၊ ၀တ်ရည်ချိုဆိုတဲ့ ဇာတ်ရုပ်ရယ်နဲ့ တွဲမြင်သွားတယ်။ အသိအမှတ်ပြုတယ်ဆိုရင် ကြိုးစားရကျိုးနပ်ပါတယ်’’ဟု ၎င်းကပြောသည်။ ယခုနှစ်အကယ်ဒမီဆုပေးပွဲသည် ရုပ်ရှင်အကြောင်း တတ်သိနားလည်သူများကိုယ်တိုင် ရွေးချယ်ပေးခြင်းဖြစ်သောကြောင့် ရွေးချယ်မှုမှန်ကန်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ခိုင်သင်းကြည်

အကယ်ဒမီကံခေသူတစ်ဦးဟု ပြော၍ရမည့် ခိုင်သင်းကြည်ကို စုန်းပြူးဇာတ်ကားနှင့် ၂၀၁၃ အတွက် အမျိုးသမီးဇာတ်ပို့ဆုရနိုင်ကြောင်း ထင်ကြေးပေးနေကြသည်။ ချစ်သူကိုယုံကြည်ပြီး တစ်ဘဝလုံးပုံအပ်ခဲ့သော်လည်း ချစ်သူဥပက္ခာအပြုခံခဲ့ရသူတစ်ယောက်၏ ဘဝကိုပေါ်လွင်အောင် သရုပ်ဆောင်ခဲ့သည်။ အကယ်ဒမီကံအကျိုးပေးနည်းသော်လည်း အနုပညာအလုပ် စလုပ်သည့် အချိန်ကတည်းက အားပေးနေသော ပရိသတ်များအတွက်တော့ အကယ်ဒမီရချင်ပါတယ်ဟု ခိုင်သင်းကြည်က ၎င်း၏အကယ်ဒမီရင်ခုန်သံကို ဖွင့်ဟသည်။

သိင်္ဂီထွန်း

သိင်္ဂီထွန်းသည် ဇာတ်ပို့တစ်ယောက်အနေနှင့် စုန်းပြူးဇာတ်ကားတွင် အားအကောင်းဆုံးဇာတ်ရုပ်ကို ပေါ်လွင်အောင် သရုပ်ဆောင်သွားနိုင်သူတစ်ဦးဖြစ်သည်။ သားသုံးယောက်မိခင် မုဆိုးမတစ်ဦး၏ ဇာတ်ရုပ်၊ သားသမီးတွေအပေါ် ချစ်သည့်မိခင်တစ်ဦး၏ မေတ္တာကိုပေါ်လွင်အောင် သရုပ်ဆောင်သွားနိုင်ပြီး အမျိုးသမီးဇာတ်ပို့ဆု ရနိုင်သည်ဟု ခိုင်သင်းကြည်နှင့်အပြိုင် နာမည်ထွက်နေသူတစ်ဦးဖြစ်သည်။ ‘‘ကိုယ့်သရုပ်ဆောင်မှုကို အားရသလို အကယ်ဒမီရွေးချယ်ရေးအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တယ်’’ဟု သိင်္ဂီထွန်းကပြောသည်။ ယခင်က ရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ဖူးသော်လည်း လုပ်ခွင့်ရသည့်ဇာတ်ရုပ်များ မဟုတ်ခဲ့သဖြင့် အကယ်ဒမီခန့်မှန်းပေးခြင်းမျိုး မကြုံဖူးဘဲ အနုပညာသက်တမ်း နှစ်ဆယ့်ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အကယ်ဒမီတစ်ကြို အပေးခံရသူလည်း ဖြစ်သည်။

ဒါရိုက်တာဝိုင်း

အကယ်ဒမီတစ်ကြိုစာရင်း ပါဝင်လေ့ရှိသော်လည်း အကယ်ဒမီဆုနှင့် အမြဲတေ့လွဲကာ ပရိသတ်ပေးသည့် အကယ်ဒမီနှင့်သာ ကျေနပ်ရလေ့ရှိသည့် ဒါရိုက်တာဝိုင်းကို ‘စေတန်ရဲ့ကချေသည်၊ နင်စေရင်’ဇာတ်ကားများဖြင့် အကယ်ဒမီရနိုင်သည်ဟု ပရိသတ်များက ထပ်မံခန့်မှန်းပေးထားကြပြန်သည်။ ‘‘အကယ်ဒမီနဲ့ပတ်သက်ပြီး ဘာမှအထူးတလည်တော့မရှိပါဘူး။ အပြောင်းအလဲတစ်ခုဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကိုပဲ စောင့်ကြည့်ချင်ပါတယ်’’ဟု ဒါရိုက်တာဝိုင်းကပြောသည်။ ထို့အပြင် ယခုအချိန်ထိ အကယ်ဒမီပေးပွဲ တက်မည်၊ မတက်မည်ကို သေသေချာချာ မဆုံးဖြတ်ရသေးကြောင်း ၎င်းကဆိုသည်။ ‘‘သရုပ်ဆောင်တွေတင်မဟုတ်ဘူး။ စက်မှုပိုင်းဆိုင်ရာမှာလည်း ကြိုးစားထားတယ်ဆိုတော့ ထပ်တူညီမျှ အကုန်လုံးကို ရစေချင်ပါတယ်’’ဟု ၎င်းဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများအတွက် ၎င်း၏ရင်ခုန်မှုကိုပြောသည်။

ဟဲဗီးဖြိုး

‘‘စေတန်ရဲ့ကချေသည်’’ ဇာတ်ကားတွင် နေတိုးငယ်စဉ်ကလေးဘဝဇာတ်ရုပ်၌ ပါဝင်သရုပ်ဆောင်ထားသော ဟဲဗီးဖြိုးကိုလည်း ကလေးသရုပ်ဆောင်ဆုအတွက် ခန့်မှန်းပေးထားသည်။ အသက်ငယ်သော်လည်း ငွေဖြင့် အရာရာကိုဖြေရှင်းသူ လိုချင်သည့်အရာအားလုံးကို ငွေဖြင့်ဝယ်ယူ၍ ရနိုင်သည်ဟု ယူဆထားသည့် ကလေးတစ်ဦး၏ ဇာတ်ရုပ်အဖြစ် ဟဲဗီးဖြိုးက ဂျစ်ကန်ကန်မျက်နှာပေးဖြင့် သရုပ်ဆောင်ထားသည်။ ‘‘အကယ်ဒမီမှန်းပေးတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ‘ဇော်က ကနေသည်’တုန်းက ခန့်မှန်းကြပေမယ့်မရခဲ့ဘူး။ အခုတစ်ခါ ထပ်မှန်းပေးထားတော့ ရင်ခုန်နေပါတယ်’’ဟု ဟဲဗီးဖြိုးကပြောသည်။ ‘ဇော်က ကနေသည်’ဇာတ်ကားသည် ၎င်းအတွက် လုပ်ကွက်အများကြီးရသလို အခန်းအများကြီးလည်း သရုပ်ဆောင်ခဲ့ရသည့် ဇာတ်ကားဖြစ်ပြီး ယခုကားတွင်မူ ပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ဝင်ခန်းနည်းသလို ဗီလိန်ဇာတ်ဖြစ်နေသောကြောင့် အဆိုပါဇာတ်ကားတွင် အတူပါဝင်သရုပ်ဆောင်ထားသည့် ယွန်းယွန်းသာ အကယ်ဒမီရရှိနိုင်သည်ဟု ထင်မိကြောင်း ၎င်းကဆိုသည်။


7Day Daily

No comments:

Post a Comment