Tuesday, December 9, 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အစိုးရအဖွဲ့ မဆုံးဖြတ်ရသေးဟု ဦးရဲထွဋ် ပြောကြား

ပြည်ထောင်စုလွှတ်တော်က သဝဏ်လွှာ ပေးပို့တောင်းဆိုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် တွေ့၊ မတွေ့ကို အစိုးရအဖွဲ့ အနေနှင့် တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ထားသော သဝဏ်လွှာကို အကြောင်းပြန်ကြားရန် အချိန်တိတိကျကျ ထုတ်ပြော၍ မရနိုင်သေးကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ထားသော သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရွေးချယ်ထားခြင်းသည် အဖွဲ့အစည်း သို့မဟုတ် လွှတ်တော်ကို ကိုယ်စားပြုထားသည်ဟု တိတိကျကျ ရေးသားထားခြင်း မရှိသောကြောင့် သမ္မတအနေနှင့် စဉ်းစားသုံးသပ် နေရသောကြောင့် မဆုံးဖြတ်ရသေးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးတို့ တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ခြောက်ပွင့်ဆိုင်ကဲ့သို့ နိုင်ငံရေး တွေ့ဆုံပွဲအတွက် ကျန်ရှိသည့် တိုင်းရင်းသားပါတီ ၆၀ ကျော်၏ သဘောထား အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရန် လိုသောကြောင့် လက်တွေ့မကျသဖြင့် ယင်းဆွေးနွေးမှုမှာ ဖြစ်လာနိုင်ဖွယ် မရှိကြောင်း ဦးရဲထွဋ်က သတင်းမီဒီယာ အချို့ကို ယခင်လအတွင်းက ထုတ်ဖော် ပြောကြားထားသည်။

ယင်းအပြင် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုမှာ လက်တွေ့မကျခြင်း၊ မူဝါဒချင်း မတိုက်ဆိုင်ခြင်းတို့ကြောင့် လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်သူ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က RFA သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment