Saturday, December 6, 2014

နော်ဝေဘုရင် မန္တလေးခရီးစဉ် ကြိုဆိုရေးနေရာ သတင်းယူခွင့် ရုပ်သံမီဒီယာ ငါးခုသာ ခွင့်ပြု

Photo: နော်ဝေဘုရင် မန္တလေးခရီးစဉ် ကြိုဆိုရေးနေရာ သတင်းယူခွင့် ရုပ်သံမီဒီယာ ငါးခုသာ ခွင့်ပြု
Saturday, December 6, 2014

မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးမြို့သို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသ ပုဂံမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာမည့် နော်ဝေနိုင်ငံ ဘုရင်ကို မန္တလေး ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် သတင်းရယူရန် ရုပ်သံမီဒီယာ ငါးခုကိုသာ ခွင့်ပြုခဲ့ပြီး အခြားမီဒီယာများကို သတင်းရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူခဲ့သည့် မန္တလေးအခြေစိုက် သတင်းထောက်များက ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် သတင်းရယူမည့် မီဒီယာများ၏ အမည်စာရင်းကို စတင်ပေးပို့ရန် သတင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့သဖြင့် နာမည်စာရင်းများ ပေးပို့ခဲ့သော်လည်း နော်ဝေဘုရင် ရောက်ရှိလာသည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမည်စာရင်း ပေးထားသည့် သတင်းဌာနများသာ သတင်းဓာတ်ပုံ ရယူခွင့် ရှိသည်ဟု ပြောကြားပြီး ကျန်သတင်းသမားများ ရယူခွင့်မရှိဟု သက်ဆိုင်ရာ သတင်းရဲတပ်ဖွဲ့က တားဆီးသဖြင့် သတင်းဓာတ်ပုံ ရယူရန် အခက်အခဲ ရှိခဲ့ကြောင်း အဆိုပါ သတင်းထောက်များက ဆိုသည်။

ဝန်ကြီးချုပ် ခွင့်ပြုခဲ့သည့် သတင်းမီဒီယာများမှာ Skynet၊ MRTV၊ မြဝတီ၊ MRTV 4၊ Channel 7၊ MNTV တို့ဖြစ်ပြီး အခြားမီဒီယာများက ကြိုဆိုရေး နေရာတွင် သတင်းရယူခွင့် မရရှိခဲ့သဖြင့် မြို့ပတ်လမ်းပေါ်မှသာ သတင်းဓာတ်ပုံများ ရိုက်ခဲ့ရသည်ဟု မန္တလေးအခြေစိုက် သတင်းသမားများက ထပ်လောင်းပြောဆိုသည်။

နော်ဝေဘုရင် ရောက်ရှိလာမည့် ဧရာဝတီမြစ်ဆိပ် ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် ဓာတ်ပုံသတင်း ရယူရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိလာသည့် မန္တလေးအခြေစိုက် သတင်းသမားများက တာဝန်ရှိသူများကို အကြောင်းကြား အသိပေးပြီး နေရာတစ်ခု သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယင်းတာဝန်ရှိသူများက ကြိုဆိုရေးနေရာနှင့် ဝေးကွာသော နေရာများသို့ သုံးကြိမ်တိုင်တိုင် နေရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်ခံခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ သတင်းရဲတပ်ဖွဲ့ တာဝန်ကျ အကြီးတန်း အရာရှိတစ်ဦးကို မေးမြန်းရာ ဝန်ကြီးချုပ် ရွေးချယ်ထားသော နိုင်ငံပိုင်သတင်းဌာနများနှင့် Skynet သတင်းဌာန၏ သတင်းသမားများကိုသာ သတင်းရယူခွင့် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နော်ဝေဘုရင်နှင့် ဇနီးဖြစ်သူတို့သည် မန္တလေးမြို့ ဧရာဝတီမြစ် ထုံးဘိုဆိပ်ကမ်းသို့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေးတောင်တော်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်ဘုရားနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့သို့ သွားရောက်လည်ပတ် လေ့လာမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment