Monday, December 22, 2014

ဥပဒေအရ ဖြေရှင်း၍ မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ ကျူးကျော်တဲများကို ဖျက်ဆီးခဲ့ရဟု ၀ါဝါ၀င်းကုမ္ပဏီ တာဝန်ရှိသူ ဆို


ဥပဒေအရ ဖြေရှင်းရန် မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ အနော်ရထာ စက်မှုဇုန် ၀ါဝါ၀င်းကုမ္ပဏီပိုင် မြေပေါ်ရှိ ကျူးကျော်တဲများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရသည်ဟု ၀ါဝါ၀င်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားသည်။



ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ၀ါဝါ၀င်းကုမ္ပဏီ ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကုမ္ပဏီဈေးကွက် မန်နေဂျာ ဒေါ်မိုးမိုးမြင့်က ၎င်းတို့ပိုင်မြေနေရာရှိ ကျူးကျော်တဲများကို ဖျက်သိမ်းမှုများ ပြုလုပ်ရန် လူအင်အား ၃၀၀ ခန့် ငှားရမ်းခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူသတ်ဖို့ မဟုတ်ဘူး။ လူရိုက်ဖို့ မဟုတ်ဘူး။ တဲဖျက်ဖို့သာလျှင် ဖြစ်တယ်ဆိုတာ လူတွေငှားပြီး သေချာစီမံ ပြောပြပြီးမှ ဖျက်တာပါ” ဟု ၎င်းကဆိုသည်။

သို့ရာတွင် စတင်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် ကျူးကျော်တဲများ ဖျက်သိမ်းရန်အတွက် တာဝန်ပေးခံရသော လူ ၃၀၀ ခန့်မှာ နေအိမ်များကို ဖျက်ဆီးခြင်းအပြင် တုတ်၊ ဓား ကိုင်ဆောင်ခြင်း၊ ဆိုင်ကယ်မီးရှို့ခြင်း၊ တဲများကို မီးရှို့ခြင်းများပါ ပြုလုပ်ခဲ့သည်။

“ဒါကတော့ ကျူးကျော်နေတဲ့ သူတွေကပဲ သူတို့အိမ်သူတို့ ပြန်ဖျက်တာတို့ မီးရှို့တာတို့လုပ်ပြီး ဇာတ်နာအောင် လုပ်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့လည်း မျက်မြင်မဟုတ်ဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

ထို့ပြင် ယင်းကဲ့သို့ လူအင်အားငှားပြီး ဖျက်သိမ်းရန် စီစဉ်ခဲ့ရသည်မှာလည်း ဥပဒေအရ ဖြေရှင်းမည်ဆိုပါက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုအရ ဆိုလျှင် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးလသာ ရှိသည့်အတွက် ကျူးကျော်များမှာ ထောင်ကျပြီးပါကလည်း ပြန်လည်ကျူးကျော်လာနိုင်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါနေရာတွင် ၀င်ရောက်နေထိုင်သူများမှာ အမှန်တကယ် နေစရာ အခက်အခဲ ဖြစ်နေသဖြင့် ရွှေ့ပြောင်းလာကြသူများလည်း ရှိသလို ခြံစည်းရိုးများကို ဖျက်ဆီးပြီး အကွက်ရိုက်ကာ ဈေးခေါ်ရောင်းချနေသူများလည်း ရှိခဲ့ကြောင်း လိုက်လံမေးမြန်ခဲ့မှုများအရ သိရသည်။

အနော်ရထာစက်မှုဇုန် အတွင်းရှိ ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေမှာ လမ်းမြေအပါအ၀င် တွက်မည်ဆိုပါက ဧက ၁၆၀ ရှိပြီး မြေကွက် ၄၀၀ ကျော် သတ်မှတ်ထားကာ ယင်းမြေကွက်များကို ၀ယ်ယူပြီးခဲ့သူဦးရေ ၃၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၀ါဝါ၀င်းကုမ္ပဏီမှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့သော်လည်း ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်ကသာ သတင်းစာရှင်းလင်းခဲ့ပြီး အနော်ရထာ စက်မှုဇုန်မြေထဲတွင် ၎င်း၏ မြေကွက်များလည်း ပါဝင်သည်ဟု ပြောကြားသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်တွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန် မြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး အဆိုပါ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန်မြေကွက်လွတ်များ၏ စုစုပေါင်းဧရိယာမှာ ၄၄၁၈ ဧကကျော် ရှိနေသည်။ ယင်းမြေကွက်များပေါ်တွင်၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်ထားသည်။

Eleven Media Group

No comments:

Post a Comment