Saturday, December 6, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒီဇင်ဘာ ၂၅ ရက် မတိုင်မီ ပြန်လည်ပြုလုပ်ဖွယ်ရှိ

နှစ်လနီးပါးကြာရပ်ဆိုင်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ၏ ဆွေးနွေးပွဲများ ဒီဇင်ဘာ ၂၅ ရက်မတိုင်မီ ပြန်လည်ပြုလုပ်နိုင်ရန် အလားအလာကောင်းကြောင်း သတင်းရရှိသည်။

‘‘တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းမှာ ကျန်တဲ့အချက်တွေကို ညှိမယ့်သဘောပါ။ ကျွန်တော် တို့ လက်ခံနိုင်တဲ့ သဘောရှိပါတယ်’’ ဟု NCCT ဒုတိယအဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ဒီဇင်ဘာ ၁၈ မှ ၂၀ ရက် အထိ တွေ့ဆုံ ဆွေးနွေးရန် NCCT သို့ အဆိုပြုထားကြောင်း မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန အကြီး တန်း အကြံပေးဦးလှမောင်ရွှေက ပြောသည်။

UPWC အနေဖြင့် NCCT အဖွဲ့ကို ဒီဇင်ဘာ ၃ ရက်တွင် ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော် လည်း NCCT က အဆင်သင့်မဖြစ်သေးကြောင်း အကြောင်းပြန်ခဲ့သည်။

အစိုးရနှင့် ဆွေးနွေးပွဲမပြု လုပ်မီ NCCT က မေးခွန်းငါးခုပေးပို့ထားပြီး ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီအနေဖြင့် အဆိုပါမေး ခွန်းငါးခုကို ဒီဇင်ဘာ ၁၄ ရက် တွင် အကြောင်းပြန် ပေးမည်ဖြစ် ကြောင်း ဦးလှမောင်ရွှေက ပြော သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ပြီး မြန်မာငြိမ်းချမ်းရေး  ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တာဝန်ရှိသူများနှင့် ဒီဇင်ဘာ ၂ ရက်တွင် ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ကြသည်။

UPWC နှင့် NCCT အဖွဲ့တို့သည် စက်တင်ဘာ နောက်ဆုံးပတ်တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး အောက် တိုဘာ၌ ပြန်လည်တွေ့ဆုံရန် သဘောတူခဲ့ကြသော်လည်း မတွေ့ဆုံနိုင်သေးဘဲ ဒီဇင်ဘာ နောက်ဆုံး ပတ်တွင် တွေ့ဆုံရန် ပြန်လည်ကြိုးစားနေခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းတွင် ၇၅ ရာခိုင်နှုန်းခန့်ကို သဘောတူညီ မှုရခဲ့ကြ သော်လည်း ဖက်ဒရယ်တပ်မတော်ထူထောင်ရေးကိစ္စကြားကာလစီမံခန့်ခွဲရေးကိစ္စနှင့် နိုင်ငံရေးဆွေးနွေးပွဲ များတွင် ပါဝင်မည့်သူများ ကိစ္စတို့၌သဘောတူညီမှု မရရှိကြသေးကြောင်း သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment