Monday, December 15, 2014

NLD ပါတီ ရွေးကောက်ပွဲဝင် မဝင် မဆုံးဖြတ်ရသေးဟု ဦးဉာဏ်ဝင်း ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကြေညာစာတမ်းကို အတည်ပြုခဲ့သော်လည်း NLD ပါတီ အနေနှင့် ရွေးကောက်ပွဲဝင် မဝင်ကို မဆုံးဖြတ်ရသေးကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တိုင် ပြုလုပ်သည့် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သို့သော်လည်း NLD ပါတီ အနေနှင့် အထွေထွေရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးသောကြောင့် အဆိုပါ ကြေညာစာတမ်းကို ထုတ်ပြန်မည် မဟုတ်သေးကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မသိသေးဘူး။ နောက်ပြီး PR စနစ်ကလည်း ဘာဖြစ်မယ် မသိသေးတော့ ကြေညာစာတမ်းထဲမှာ ဘာတွေပါလဲ ဆိုတာ ထုတ်ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ ပြင်ဆင်ထားသော ကြေညာစာတမ်းသည် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြု PR စနစ်ကို အခြေမခံဘဲ FPTP စနစ်ကိုသာ အခြေခံကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ နှစ်ရက်ကြာ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ်ကို ရွေးကောက်ပွဲ စည်းရုံးရေးနှစ် အဖြစ် သတ်မှတ်ကြောင်း ဗဟိုကော်မတီဝင်များထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဟူသော ဦးတည်ချက် သုံးရပ်ဖြင့် လွှတ်တော်သို့ ဝင်ရောက်ခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထု ဆန္ဒလက်မှတ် ငါးသန်းနီးပါး ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ခဲ့ခြင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင် ဆင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေကို နောက်အစိုးရလက်ထက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် လွှတ်တော်များတွင်သာ အတည်ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ်မှန်ကန်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီ အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ ဗဟိုကော်မတီဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်အဖြစ် အထိမ်းအမှတ်ပွဲများကို မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပြီး နိုင်ငံတစ်ဝန်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တို ဘာ လ နောက်ဆုံး ပတ်နှင့် ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ် မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment