Monday, January 5, 2015

ကျိုက်ထီးရိုး ဘုရားဖူးယာဉ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ သုံးဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျား (ဘိုတဲ) ကျေးရွာအနီး ရန်ကုန်-ကျိုက်ထို ကားလမ်းတွင် ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ကျိုက်ထီးရိုး ဘုရားဖူး ပြန်လာသော လိုက်ထရပ်ယာဉ်နှင့် ကင်တာ အမျိုးအစား ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဘုရားဖူး ယာဉ်ပေါ်ပါ အမျိုးသမီးသုံးဦး နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဝေါမြို့နယ်ရှိ နာရေးကူညီမှု အသင်းထံမှ စုံစမ်းသိရှိရသည်။



ကျိုက်ထိုမှ ရန်ကုန်ဘက်သို့ ခရီးသည် ၁၅ ဦးခန့် တင်ဆောင် မောင်းနှင်လာသော ကျိုက်ထီးရိုး ဘုရားဖူးပြန် လိုက်ထရပ်ယာဉ်မှာ ရန်ကုန်-ကျိုက်ထို လမ်းအတိုင်း မောင်းနှင်လာစဉ် ပဲခူးမှ ကျိုက်ထိုဘက်သို့ မောင်းလာသော ကုန်တင်ယာဉ်မှာ အရှိန်မထိန်းနိုင် ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ လိုက်ထရပ်ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ် ခေါင်းခန်းမှာ ကြေမွသွားခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်း လိုက်ပါခဲ့သူ အမျိုးသမီးသုံးဦး နေရာတွင် သေဆုံးခဲ့ကြောင်း ယာဉ်တိုက်မှုကို သွားရောက်ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူ ဝေါမြို့နယ် နာရေးကူညီမှုအသင်းမှ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ကားနှစ်စီးက အရှိန်နဲ့ ခေါင်းချင်းဆိုင် တိုက်မိတာကြောင့် လိုက်ထရပ်ကား ခေါင်းပိုင်းက ရုပ်ပျက်ဆင်းပျက်ကို ကြေမွသွားခဲ့တာ။ ကားခေါင်းခန်းထဲမှာ ညပ်ပြီး သေနေတဲ့ အလောင်းတွေကို မနည်း ဆွဲထုတ်နေရတာကြောင့် ကျိုက်ထို-ရန်ကုန် လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု တစ်နာရီကျော်လောက် ဖြစ်သွားခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ်ပေါ်ပါ အမျိုးသမီးသုံးဦး သေဆုံးခဲ့သည့်အပြင် အမျိုးသား တစ်ဦးနှင့် ကုန်တင်ယာဉ်ပေါ်မှ အမျိုးသမီးနှစ်ဦးတို့ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပို့ထားရပြီး ယာဉ်တိုက်မှုမှ ယာဉ်မောင်းနှစ်ဦးစလုံးကို ဖမ်းဆီးအရေးယူနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း ဝေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment