Friday, January 16, 2015

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာထင်လင်းဦး၏ ငါးကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ -က၊ ၂၉၈ တို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် စာရေးဆရာ ဦးထင်လင်းဦး၏အမှုအား ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင်စစ်ဆေးခဲ့ပြီးနောက် အာမခံလျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ထပ်မံပယ်ချခဲ့ပြီး အမှုရုံးချိန်းအပြီးတွင် စာရေးဆရာ ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် စာရေးဆရာဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းအပြီးတွင် စာရေးဆရာဦးထင်လင်းဦးက ချောင်းဦးမြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံတွင် ချောင်းဦးမြို့နယ် သံဃနာယကဥက္ကဠဦးဆောင်သော ဆရာတော်များအား ကန်တော့တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး
ဦးထင်လင်းဦးအား ပတ္တနိက္ကုဇ္ဖနကံဆောင် သပိတ်မှောက်ထားမှုအား သပိတ်ပြန်လှန်ပေးရန်အတွက် လျှောက်ထားတောင်းပန်ပွဲကို ပြုလုပ်ခဲ့သည်။ ယင်းတောင်းပန်ပွဲတွင် ဦးထင်လင်းဦးက သံဃာတော်များအား “သံဃာတော်အရှင်သူမြတ်တို့ ဘုရား၊ သံဃာတော် အရှင်သူမြတ်အပေါင်းသည် တပည့်တော်အား သပိတ်မှောက်ကံပြုအပ်ခဲ့ပါပြီ ဘုရား။ ဘုရားတပည့်တော်သည် သံဃာတော် အရှင်သူမြတ်အပေါင်းနှင့် အာမိသသမ္ဘောဂမပြုခဲ့ ကြပါဘုရား။ သံဃာတော်အရှင်သူမြတ်တို့ဘုရား ဘုရားတပည့်တော်သည် ကောင်းစွာကျင့်ပါ၏ ဘုရား၊ မာန်တည်းဟူသော အမွေးကိုချပါ၏ ဘုရား၊ ကံမှထွက်မြောက်ကြောင်း အကျင့်ကို ကျင့်ပါ၏ ဘုရား၊ တပည့်တော်သည် သံဃာတော်အား သပိတ်လှန်ခြင်းကို တောင်းပန်ပါ၏ အရှင်ဘုရား”ဟူ၍ သုံးကြိမ်သုံးခါဖြင့် ပါဠိ-မြန်မာ နှစ်မျိုးဖြင့် ကန်တော့တောင်းပန်ခဲ့ကာ သံဃာတော်များက ခွင့်လွှတ်ကြောင်းဖြင့် သာဓုသုံးကြိမ် ခေါ်ဆိုခဲ့ကြသည်။

စာရေးဆရာ ဦးထင်လင်းဦးက “ဝန်ချတောင်းပန်တာ မဟုတ်ပါဘူး။ ကန်တော့တောင်းပန်တာပါ။ စကားလုံးလေးက ကွာပါတယ်။ ကိုယ်ဟောပြောခဲ့လို့ ဆရာတော် သံဃာတော်တွေ စိတ်နှလုံးထိခိုက်ရတဲ့အတွက် ကန်တော့တောင်းပန်တာပါ။ ဆရာတော်၊ သံဃာတော်တွေရဲ့အဆုံးအမကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကန်တော့ခံယူပြီးတော့ တောင်းပန်တာဖြစ်တယ်။ ကျွန်တော့်ဘက်က မှားတာတစ်ခုမှ မပြောခဲ့ပါဘူးဗျာ။ ကျွန်တော်က အစောကတည်းက ဒီလိုအမှုတွေမဖြစ်ခင်ကတည်းက တောင်းပန်ဖို့ စီစဉ်ပြီးသားပါ။ အမှုဖြစ်လို့ တောင်းပန်တာ မဟုတ်ဘူး။ ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း စောစောကတည်းက ချောင်းဦးက ဆရာတော် သံဃာတော်တွေကို တောင်းပန်ကြောင်းရေးထားပါတယ်။ ကျွန်တော်ဟောပြောခဲ့တဲ့အထဲမှာ တချို့စကားလုံး အသုံးအနှုန်းက ကြမ်းချင်ကြမ်းသွားနိုင်တယ်။ ဒါကြောင့် ဆရာတော်တွေ စိတ်နှလုံးမသာမယာ ဖြစ်သွားနိုင်ပါတယ်။ ဒီကိုရောက်လာတော့ တောင်းပန်ဖို့စီစဉ်နေချိန်မှာ ကျွန်တော် အဖမ်းခံလိုက်ရတယ်။ ဒါကြောင့် ဒါတွေကို မလုပ်နိုင်ခဲ့ဘူး။ စိတ်နှလုံးမကြည်မသာဖြစ်ကြရတဲ့ ဆရာတော်၊ သံဃာတော်တွေကို ကျွန်တော်နဲ့ပတ်သက်ပြီးတော့ စိတ်နှလုံးကြည်သာကြဖို့ ကျွန်တော့်အပေါ်မှာ၊ သံသရာအပေါ်မှာ အပြစ်မယူကြဖို့အတွက် တောင်းပန်တာပါ။ စကားလုံးကြမ်းတယ်ဆိုတာက သိပ်မှန်တယ်ဆိုရင်တော့ ကြမ်းချင် ကြမ်းမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ခင်ဗျားတို့နိုင်ငံ ဖာနိုင်ငံဖြစ်သွားမယ်ဆိုတဲ့ စကားလုံးမျိုးပေါ့။ အဲဒီစကားလုံးလောက်ကို ကွက်ယူမယ်ဆိုရင် ကြမ်းတမ်းတာပေါ့နော်။ နောက်ဆက်တွဲစကားလုံးက ဘာရှိလဲဆိုရင် စည်းမဲ့ကမ်းမဲ့နေကြမယ်ဆိုရင်ဆိုတဲ့ စကားလုံးနဲ့တွဲလိုက်ရင် ဒါဟာ စေတနာစကားဆိုတာ ပေါ်လွင်ပါတယ်”ဟု ပြောကြားသည်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုတို့ဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းအပြီးတွင် မုံရွာမြို့နယ်တရားရုံးသို့ ရုံးပြောင်းစစ်ဆေးခွင့်ရရှိရန်အတွက် တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စာရေးဆရာဦးထင်လင်းဦး၏ အမှုအား အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ဒီအမှုက ရုံးချိန်းငါးချိန်းလုံးမှာ အာမခံလျှောက်ထားမှုကို ပယ်ချခံခဲ့ရပါတယ်။ တရားသူကြီးအနေနဲ့ကလည်း တရားရုံးရဲ့ အခြေအနေအရ အာမခံပေးလိုက်မယ်ဆိုရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်။ တစ်ဖက်က ဖိအားတွေလည်းရှိနေတယ်။ တရားရုံးအတွင်းမှာ မလိုလားအပ်တာတွေ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အခြေအနေတွေအရ တရားရုံးပြောင်းပြီးစစ်ဆေးဖို့အတွက် လုပ်ဆောင်သွားပါမယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၅၂၆ အရ ရုံးပြောင်းလျှောက်ထားရာကို သက်ဆိုင်ရာတရားရုံးကို အကြောင်းကြားစာ ပေးပို့ရမယ်ဆိုထားတာကြောင့် အကြောင်းကြားစာပေးပို့သွားမှာပါ။ လက်ခံခြင်း၊ လက်မခံခြင်းက သူတို့အပိုင်းပါ။ ကျွန်တော့်ဘက်ကတော့ ဥပဒေအတိုင်း ဆက်လုပ်သွားမှာပါ။ ခရိုင်တရားရုံးမှာ တရားရုံးပြောင်းစစ်ဆေးနိုင်ဖို့အတွက် တင်ပြသွားမယ်။ လောလောဆယ်ကတော့ ရုံးပြောင်းစစ်ဆေးခွင့်ရရှိဖို့ လုပ်သွားမယ်။ ဒီနေ့စစ်ဆေးတာက တရားလိုပြသက်သေနှစ်ဦးကို စစ်တယ်။ နောက် ရုံးချိန်းမှာတော့ စွဲချက်တင်သင့် မတင်သင့်ကို နှစ်ဖက်လျှောက်လဲချက်ကို ကြားနာသွားမှာပါ။ စွဲချက်တင်ခဲ့မယ်ဆိုရင် ပြန်ခေါ်သက်သေ ဘယ်သူ့ကိုပြန်ခေါ်မလဲ၊ လိုအပ်ရင် အကုန်ပြန်ခေါ်သွားမယ်။ ပြန်ခေါ်သက်သေစစ်ပြီးရင် ခံပြစစ်ပေါ့။ ရုံးပြောင်းလျှောက်ထားခွင့်ကို ဒီနေ့မုံရွာခရိုင်တရားရုံးမှာ သွားရောက်တင်ပြသွားမှာပါ။ လက်ခံခြင်း၊ လက်မခံခြင်းကတော့ ခရိုင်တရားရုံးရဲ့ ဆင်ခြင်တုံတရားအရ သူ့ဟာသူ ဆုံးဖြတ်သွားလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် စာရေးဆရာ ဦးထင်လင်းဦး ဟောပြောခဲ့သည့် ဟောပြောချက်များနှင့် ပတ်သက်၍ ဘာသာသာသနာနှင့်ပတ်သက်၍ အနည်းငယ်သာပြောဆိုခဲ့ပြီး နိုင်ငံရေးနှင့် ပတ်သက်သည်များကိုသာ အများဆုံးဝေဖန်ပြောကြားခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားခဲ့သည်။

ဘာသာသာသနာညှိုးနွမ်းမှုဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် စာရေးဆရာဦးထင်လင်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းရှိ သုံးပန်လှစံပြကျေးရွာတွင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်က “ဦးဝိစာရနေ့”အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ပြောကြားခဲ့သည့် ပြောကြားချက်များမှာ ဘာသာသာသနာအား ညှိနွမ်းမှုကိုဖြစ်ပေါ်စေသည်ဟုဆိုကာ ချောင်းဦးမြို့နယ် သံဃနာယကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် မြို့နယ်လဝက ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုပြုလုပ်၍ ချောင်းဦးမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ရာ ဦးထင်လင်းဦးသည် အာမခံမရရှိခဲ့ဘဲ မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ငါးကြိမ်မြောက်ရုံးချိန်းအား စစ်ဆေးရာတွင် နောက်ဆုံးကျန်ရှိနေသည့် သုံးပန်လှကျေးရွာမှ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့ပြီး စာရေးဆရာဦးထင်လင်းဦး၏ ခြောက်ကြိမ်မြောက်ရုံးချိန်းအား ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ကာ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မသင့်အား နှစ်ဖက်လျှောက်လဲချက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာသာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ နှစ်ခုဖြင့် အမှုရင်ဆိုင်နေရသည့် စာရေးဆရာ ဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းတွင် အမှုအားစိတ်ဝင်စား၍ လာရောက်နားထောင်ကြသည့် ဒေသခံများနှင့် ဆရာတော်များအပြင် မဘသဗဟိုမှ ဆရာတော်များလည်း တက်ရောက် နားထောင်ခဲ့ကြသည်။

Eleven Media Group

သံဃာတော်များအား စာရေးဆရာ ထင်လင်းဦးက ကန်တော့တောင်းပန်နေစဉ်

No comments:

Post a Comment