Friday, January 16, 2015

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်အား နိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားဟောင်းများ ပြန်လည်လျှောက်ထားလိုခြင်း ပိုများ


နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်အား နိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားဟောင်းများမှ ပြန်လည်လျှောက်ထားလိုခြင်း ပိုမိုများပြားနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR)စနစ်အားခွင့်ပြုရန် လျှောက်လွှာပုံစံများအား အခမဲ့ထုတ်ပေးလျက်ရှိသည်။


၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ စတင်ကာ PR စနစ် လျှောက်ထားခွင့် လျှောက်လွှာပုံစံများအား အခမဲ့ထုတ်ပေးခဲ့ပြီး၊ ဒီဇင်ဘာ ၂၄ ရက်မှစတင်ကာ အဆိုပါဌာနဝက်ဘ်ဆိုက်မှ Download ထုတ်ယူခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR) စနစ်ကို လျှောက်ထားခွင့်ရှိသူများတွင် ပညာရှင်များ၊ စီးပွားရေးအရ ရင်းနှီးမြုပ်နှံသူများ၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံသားများနှင့် ဇနီး၊ ခင်ပွန်း၊ သားသမီး စသဖြင့် သွေးသားတော်စပ်သူများဟူ၍ အမျိုးအစားလေးမျိုး ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါအမျိုးအစားလေးမျိုးတွင် နိုင်ငံသားဟောင်းများက PR စနစ်လျှောက်ထားခွင့် လျှောက်လွှာပုံစံများအား အများဆုံးလာရောက်ထုတ်ယူထားပြီး၊ လျှောက်လွှာပုံစံ ၂ဝဝကျော် လာရောက်ထုတ်ယူထားကြောင်း သိရသည်။

“အခု လက်ရှိထုတ်ပေးနေတဲ့ လျှောက်လွှာ အမျိုးအစားလေးမျိုးထဲမှာ မြန်မာနိုင်ငံသားဟောင်းတွေက PR စနစ် လျှောက်ထားခွင့် လျှောက်လွှာပုံစံတွေကို လာထုတ်တာအများဆုံး ဖြစ်နေပါတယ်။ လျှောက်လွှာကို ကာယကံရှင်ကိုယ်တိုင် လာလျှောက်ရမယ့် ဇန်နဝါရီ ၂၉ ရက်မှာလည်း  မြန်မာနိုင်ငံသားဟောင်းတွေက PR အဖြစ်လျှောက်ထားဖို့ ပိုများနေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် PR စနစ်လျှောက်ထားသူများအား ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ဘုတ်အဖွဲ့မှ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် PR စနစ်ကို အပြည်ပြည်ဆိုင်ရာဒုက္ခသည်အဖြစ် သတ်မှတ်ခြင်းခံရသူများ၊ ပြည်ပနိုင်ငံတစ်ခုခုတွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့်နေထိုင်သူများ နှင့် ပြည်တွင်းပြည်ပ (သို့မဟုတ်) နိုင်ငံတကာပြစ်မှုမှတ်တမ်းစာရင်းဝင်သူများသည် လျှောက်ထားခွင့် ရရှိမည်မဟုတ်ကြောင်း သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် PR  စနစ်တွင် တစ်နှစ်အတွက် နိုင်ငံခြားသားတစ်ဦး အမေရိကန်ဒေါ်လာ တစ်ထောင်နှင့် မြန်မာနိုင်ငံသားဟောင်းတစ်ဦး အမေရိကန် ဒေါ်လာ ၅ဝဝ ဖြင့် နေထိုင်ခွင့်ပြုမည်ဖြစ်ကာ PR  စနစ်လျှောက်ထားသူနှင့်အတူ တစ်ပါတည်း အမြဲနေထိုင်ခွင့်လျှောက်ထားသည့် အသက် ၇ နှစ်အထက်မှ ၁၈ နှစ်အထိ ယင်းတို့၏ တရားဝင်သားသမီးတစ်ဦးစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ဝဝ ကောက်ခံသွားမည်ဟု သိရသည်။ PR  စနစ်လျှောက်ထားသူ၏ ၇ နှစ်အောက် သားသမီးများအတွက် အခမဲ့နေထိုင်ခွင့်ပြုမည်ဟု သိရသည်။

ဒီဇင်ဘာ ၂၉ ရက်တွင် PR စနစ် လျှောက်ထားခွင့် လျှောက်လွှာပုံစံများအား စတင်ရောင်းချပေးမည်ဟု သိရသည်။ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် PR  စနစ်ကို သက်တမ်းငါးနှစ်သတ်မှတ်ထားပြီး၊ သက်တမ်းကုန်လွန်ပါက နေထိုင်ခွင့်သက်တမ်းအား တစ်နှစ်စီ ထပ်မံပေးအပ်သွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment