Monday, January 19, 2015

လူ့အခွင့်အရေးကြေညာစာတမ်းအား မြန်မာနိုင်ငံက ချိုးဖောက်ခြင်းသည် ကမ္ဘာ့အလယ်တွင် ပြစ်ချက်တစ်ခုဖြစ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ကုလသမဂ္ဂလူ့အခွင့် အရေးကြေညာစာတမ်းပါ အချက်အလက် များအား မြန်မာနိုင်ငံမှချိုးဖောက်နေခြင်း သည်မြန်မာပြည်သူများအပေါ်တွင် သာမက ကမ္ဘာ့အလယ်တွင်လည်း ပြစ်ချက်တစ်ခုဖြစ် နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ဇန်နဝါရီ ၁၇ရက်က ရမည်းသင်း မြို့ရွှေစည်းခုံဘုရားဝင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်ရာပြည့် အကြိုအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ် သည်။


''ဒီနိုင်ငံမှာ လူ့အခွင့်အရေးချိုး ဖောက်မှုရှိတယ်ဆိုတာဟာ ချိုးဖောက်မှုနှစ် မျိုးလို့ကျွန်မမြင်တယ်။ တစ်ခုက ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာ ထားသင့်တဲ့ တာဝန်သိစိတ်ကိုချိုးဖောက်တာဖြစ်တယ်။ နောက်တစ်ခုက ကမ္ဘာအလယ်မှာလက်မှတ် ထိုးပြီး ပေးခဲ့တဲ့ခံယူချက်ကိုလဲ ချိုးဖောက်ရာ ရောက်ပါတယ်။ ဒီလူ့အခွင့်အရေးတွေကို ချိုးဖောက်တာဟာ အင်မတန်မှကြီးမားတဲ့ ပြစ်ချက်ပဲလို့ကျွန်မတို့မြင်တယ်'' ဟုပြော သည်။

မြန်မာနိုင်ငံကိုလာရောက်ခဲ့ သည့် ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စား လှယ်မစ္စရန်ဟီးလီကလည်း မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိနေကြောင်း ပြောဆိုထား သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာ စာတမ်းတွင် အချက်ပေါင်း ၃ဝပါဝင်ပြီး ထို အချက်များထဲမှ ပြည်သူများ၏လွတ်လပ် စွာထုတ်ဖော်ပြောဆိုနိုင်သည့် အခွင့်အရေး၊ လူမှုရေး၊ ပညာရေးစသည့်ကဏ္ဍများတွင် လိုအပ်သည့် ဘဏ္ဍာငွေအသုံးမပြုဘဲ ကာ ကွယ်ရေးကဏ္ဍတွင် များစွာအသုံးပြုနေခြင်း စသည့်အချက်များက စာတမ်းပါအချက်အ လက်များကိုချိုး ဖောက်ရာရောက်သည်ဟု Equility Myanmar မှ ညွှန်ကြားရေးမှူးဦး အောင်မျိုးမင်းက ပြောသည်။

''ပြောရတော့ခက်တယ်ဗျ။တစ်ခု မဟုတ်တစ်ခုနဲ့တော့ငြိတာပဲ။ အရင်ကထက် နည်းနည်းတိုးတက်လာတယ် ဆိုပေမယ့်ချိုး ဖောက်မှုတွေကတော့ရှိဆဲပဲ''ဟု ဦးအောင် မျိုးမင်းကပြောသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ခုနှစ်တွင် မြန် မာနိုင်ငံက စတင်လက်ခံခဲ့ပြီး၊ ယင်းစာတမ်း အား ပထမဆုံးလက်ခံသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်းပါဝင်ခဲ့သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။

‪TheFlowerNews‬

Yangon Media Group

No comments:

Post a Comment