Monday, January 19, 2015

သပိတ်မှောက် ကျောင်းသားများ မြို့ကြီး ၅ ခုကို ဖြတ်၍ ရန်ကုန်မြို့တော်သို့ ချီတက်မည်


အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သော သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ မန္တလေးမြို့တော်ရှိ အိမ်တော်ရာ ၁၄ ခန်းဇရပ်မှ မြို့ကြီး ၅ ခုကိုဖြတ်ကာ ရန်ကုန်မြို့တော်သို့ ချီတက်လာမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။


ဇန်နဝါရီလ ၁၈ ရက်နေ့က ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ဦးဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျောက်ဆည်မြို့၊ မြင်းခြံမြို့၊ ပခုက္ကူမြို့၊ မကွေးမြို့နှင့် ပြည်မြို့များကို ဖြတ်၍ မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ လမ်းလျှောက်၍ လည်းကောင်း ချီတက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒီနေ့ ဆွေးနွေးမှုက သပိတ်လမ်းကြောင်း သတ်မှတ်နိုင်တာပဲ ရှိသေးတယ်။ ကျန်တဲ့အသေးစိတ်ကိုလည်း တစ်ဆင့်ချင်း ဆက်ညှိနှိုင်းသွားမှာ” ဟု ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ်ကျောင်းသား ကိုပိုင်ရဲသူက ပြောကြားသည်။

မန္တလေးမြို့တော်မှ ချီတက်လာသော ကျောင်းသား၊ ကျောင်းသူများသည် အထက်မြန်မာပြည် အဆင့်မြင့်ပညာ တက္ကသိုလ်များမှ ဖြစ်ပြီး သပိတ်အင်အားကိုမူ ထုတ်ဖော်ပြောနိုင်ခြင်း မရှိသေးကြောင်း သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများထံမှ စုံစမ်းသိရှိရသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ပညာရေး ဝန်ကြီးဌာနနှင့် လွှတ်တော် အပါအဝင် လေးပွင့်ဆိုင်တွေ့ဆုံရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှစ၍ တောင်းဆိုထားပြီး ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်အထိ တုံ့ပြန်မှုမရှိ၍ မန္တလေးမြို့မှ တစ်ဆင့် ရန်ကုန်သို့ ချီတက်ဆန္ဒပြခြင်း ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားမယ်။ ဖမ်းဆီးမယ် ဆိုရင်လည်း ဖမ်းဆီးပေါ့။ လိုက်သွားရုံပဲ” ဟု သပိတ်ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက ဆိုသည်။

ပညာရေးဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်၊ သမဂ္ဂများကို တရားဝင် အသိအမှတ်ပြုရေးနှင့် ကျောင်းသား အရေးအခင်းများတွင် ကျောင်းထုတ်ခံရသူများကို ပြန်လည် ကျောင်းတက်ခွင့်ပြုရေး အပြင် အခမဲ့ အလယ်တန်းပညာရေး စနစ်ထိ လုပ်ဆောင်ရေး အပါအဝင် နောက်ဆုံးအဆင့် ဆွေးနွေးမည့် အချက် ၁၁ ချက်ကို ဇန်နဝါရီ ၁၄ ရက်တွင် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

ကျောင်းသားသပိတ် ကော်မတီကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှ တစ်ဆင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၆ ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ၆ ဦး၊ မြေလတ်ဒေသ ကျောင်းသားကိုယ်စားလှယ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားသမဂ္ဂများ၏ တောင်းဆိုချက်များကို ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများဘက်မှ သက်ဆိုင်ရာ ပါမောက္ခချုပ်များထံ ညွှန်ကြားချက် ပေးပို့ထားခြင်း မရှိသေးကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အဆိုပါ ပညာရေး အသိုင်းအဝိုင်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment