Friday, January 9, 2015

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို စစ်တွေ လေဆိပ်တွင် ရဟန်းရှင်လူပြည်သူများ ဆန္ဒပြ

ရခိုင်ပြည်နယ်သို့ရောက် ရှိလာသော ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီး လီကို စစ်တွေလေဆိပ်မှ မြို့တွင်း မဝင်ရောက်ရန် ရဟန်းသံဃာ တော်များ အပါအဝင် ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြ ဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိ သည်။
ဇန်နဝါရီ ၈ ရက်ညနေ ၆ နာရီကျော်က ရန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ ရဟန်း သံဃာတော်များအပါအဝင် အင်အားငါးရာနီးပါးက ရန်ဟီးလီမြို့တွင်းသို့မဝင်ရောက်ရန် လေဆိပ်ရှေ့တွင် ဗီနိုင်းများ ကိုင်ဆောင်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရန်ဟီးလီသည် ဘင်္ဂါလီများဘက်မှ တစ်ဖက်သတ်အမြင်ဖြင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှမရှိကြောင်း ကြေညာထားသည့်ရိုဟင်ဂျာအမည်သုံးစွဲခြင်း၊ ရခိုင်တိုင်းရင်းသားများ ခံစားချက်ကို ဂရုမစိုက်ခြင်း တို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများကပြောသည်။

ရန်ဟီးလီ စီးနင်းလာသောယာဉ်တန်း စစ်တွေလေဆိပ်အတွင်းမှထွက်ခွာလာစဉ် ရဟန်းသံဃာတော် ငါးပါးခန့်နှင့် ရပ်မိရပ်ဖလူကြီးတချို့က လမ်းပိတ်၍ တားဆီးခဲ့သော်လည်း သက်ဆိုင်ရာက ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘မလိုလားဘူးဆိုတာ ပြတဲ့ အနေနဲ့ ပိတ်လိုက်တဲ့ ပုံစံပါ။ နောက်တော့ ဖွင့်ပေးလိုက်တာ တွေ့ရတယ်’’ဟု ယင်းနေရာတွင် လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအရာရှိတစ်ဦးကဆိုသည်။
ရဟန်းတော်များ၊ ဒေသခံများက လမ်းပိတ် ကန့်ကွက်ခဲ့သော်လည်း သက်ဆိုင်ရာမှ လာရောက်ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိခဲ့ကြောင်း စစ်တွေ မြို့မိမြို့ဖတစ်ဦးကပြောသည်။
‘‘နယ်လုံဝန်ကြီးက ညှိနှိုင်း ပေးခဲ့ပြီး ဝင်ခွင့်ပေးလိုက်ပါတယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။
ရန်ဟီးလီသည် ဇန်နဝါရီ ၈ ရက်ညတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၉ ရက်၌ မြေပုံမြို့သို့ သွားရောက်မည်ဖြစ်သည်။
ရန်ဟီးလီသည် လူ့အခွင့် အရေး အခြေအနေများလေ့လာ ရန် မြန်မာနိုင်ငံသို့ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ၁၀ ရက် ကြာမြင့်မည်ဖြစ်သည်။
7Day Daily

No comments:

Post a Comment