Friday, January 23, 2015

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမ နှစ်ဦး၏ ရုပ်အလောင်းအား မြစ်ကြီးနားသို့ သယ်ဆောင်ပြီး လမ်းတစ်လျှောက်ရှိမြို့များတွင် ဆုတောင်းပွဲပြုလုပ်


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ဇန်နဝါရီ ၁၉ ရက် က အဓမ္မပြုကျင့်အသတ်ခံရသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမ နှစ်ဦး၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့သို့ သယ်ဆောင်လာခဲ့ပြီး လမ်းတစ်လျှောက်ရှိ မြို့များတွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အသတ်ခံရသည့် ကချင်ခရစ်ယာန်သာသနာပြုနှစ်ဦးကို မူဆယ်မှ ဇန်နဝါရီ ၂၁ ရက် က ပြန်လည် သယ်ဆောင်လာခဲ့ခြင်းဖြစ်ကာ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ရေဝင် စသည့်မြို့များတွင် ဆုတောင်း ပွဲပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ ရှိ ကချင်ခရစ်ယာန်နှစ်ခြင်း အသင်းတော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မူဆယ်ကစထွက်တဲ့ လမ်းတစ်လျှောက်မှာရှိတဲ့မြို့တွေက ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့  ဖယောင်းတိုင် ထွန်းပြီး စောင့်ကြိုကြတယ်။ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ရေဝင်မြို့တွေမှာ ဆုတောင်းပွဲတွေ လုပ်ခဲ့တယ်။ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့အမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ ဒီလိုလုပ်ရပ်ကို ရှုတ်ချကြောင်း ဒေသခံတွေက ဆန္ဒထုတ်ဖော်ကြိုခဲ့ကြပါတယ်။ လမ်းတစ်လျှောက် မြို့အဝင်အထွက်တွေမှာ အာဏာပိုင်အချို့ က ဖြတ်သန်းသွားလာခွင့်ကို တားမြစ်တာမျိုးရှိခဲ့တယ်”ဟု မူဆယ်ကရုဏာလူမှုကူညီရေး အသင်းဥက္ကဠ ဦးသောင်းထွန်းက ဆိုသည်။

လိုက်ပါပို့ဆောင်သူ ကောင်းခါးရွာမှ ဒေသခံတစ်ဦးက “ကျွန်တော်တို့ နယ်မြေဒေသကို တပ်မတော်ကပဲ လုံခြုံရေးယူထားတယ်။ အခြားလက်နက်ကိုင်တပ်ဖွဲ့မရှိဘူး။  အရင်နေ့တွေက ဆရာမနှစ်ယောက်က အခြားအိမ်မှာသွားအိပ်တာ။ အဲဒီနေ့ညကမှ သူတို့နေရာပြန်အိပ်တာ။ အခင်းဖြစ်တဲ့နေရာမှာ စစ်ဖိနပ် ခြေရာတွေတွေ့ပေမယ့် စစ်တပ်ကတော့ သူတို့မဟုတ်ဘူးလို့ ငြင်းထားတယ်။ လက်ရှိမှာတော့ ရွာထဲမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်”ဟု ပြောကြားသည်။

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မြစ်ကြီးနားနှင့် ၁ဝ မိုင်အကွာ ဂျော်ဘွမ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်သချိုင်္င်းတွင် မြေမြှုပ် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment