Monday, January 26, 2015

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော်ပါ သင်္ဘော စတင်ဆိုက်ကပ်

ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော် ပါသည့် တရုတ်ရေနံတင် သင်္ဘောတစ်စင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဆိုက်ကပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးကြည်သာက ပြောကြားသည်။

တန်ချိန် သုံးသိန်းဆံ့ သင်္ဘောများ ယင်းဆိပ်ကမ်းတွင် လာရောက် ဆိုက်ကပ်ရေး အတွက် ကနဦးအနေနှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းခြင်း ရှိမရှိ စစ်ဆေးရန် လာရောက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုသင်္ဘောက တရုတ်ပြည်က သူ့ရေနံကို တင်ပြီးလာတာ။ ဆိပ်ကမ်းကို လာပြီး စမ်းသပ်တာပါ” ဟု ဦးကြည်သာက ဆက်လက်ပြောဆိုသည်။

ယင်းရေနံစိမ်းသင်္ဘောသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဆိုက်ကပ်လာခြင်း ဖြစ်ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က ဆိုသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနက်ဆိပ်ကမ်းနှင့် ယင်းကျွန်းတွင် ဆောက်လုပ်ထားသည့် ရေနံဆီဂါလန် တန်ချိန် ၂၈၀၀ အထိ သိုလှောင် နိုင်သည့် ဆီကန် ၁၂ ကန် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ လကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖက်စပ်ကုမ္ပဏီ (SEAGP/SEAOP) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ဆိုက်ကပ်လာသည့် သင်္ဘောတွင် ရေနံစိမ်း ပါမပါ သိရှိခြင်း မရှိသေးသော်လည် ရေနံတင်ဆောင်လာပါက ကျွန်းပေါ်ရှိ ဆီလှောင်ကန် များတွင် သိုလှောင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောများ စတင်ဆိုက်ကပ်လာပြီ ဖြစ်သော်လည်း ရေနံပိုက်လိုင်း စီမံကိန်း၊ ရေနံသိုလှောင်ကန် စီမံကိန်းများ အတွက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေနှင့် ဥယျာဉ်များအတွက် လျော်ကြေး မရရှိသည့် ပြဿနာများ ရှိနေသေးကြောင်း ဦးထွန်းလွင်က ပြောဆိုသည်။

ယင်းပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ဆိပ်ကမ်းဖွင့်ပွဲ အခမ်းအနား တွင်လည်း ဒေသခံများက တောင်းဆိုရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများ အထူးစိုးရိမ်နေကြကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment