Tuesday, February 10, 2015

မော်လမြိုင်တက္ကသိုလ်က သက်သေထူတယ်




မနေ့က ကျွန်တော်တို့ မော်လမြိုင်မြို့ကို ထားဝယ်ကျောင်းသား သပိတ် စစ်ကြောင်း ရောက်ရှိခဲ့တဲ့အချိန်မှာ မော်လမြိုင် တက္ကသိုလ် ကျောင်းသား တွေနဲ့ စကားများပြီး ပြဿနာတက်ခဲ့ကြတယ်။ အဲဒီပြဿနာကို ပြည်တွင်း ပြည်ပ မီဒီယာ အချို့က မဟုတ်တရုတ်လုပ်ပြီး မဟုတ်တာတွေ ဖော်ပြ မှာဆိုးလို့ ကျွန်တော်တို့ ဗီဒီယိုရိုက်ထားပြီး အင်တာနက်ပေါ်မှာ ဖြန့်ဝေ ခဲ့တယ်။ အခုလည်း အဲဒီပြဿနာနဲ့ပတ်သက်ပြီး စာရေးပြီးတော့ ထပ်မံ ရှင်းပြပါမယ်။ မီဒီယာအချို့က မဟုတ် မမှန်ရေးပြီး ဖော်ပြမယ်လို့ စွတ်စွဲ တာကလည်း ဘယ်သူမပြုမိမိမှုပါပဲ။
အခုသူတို့သတင်းဆိုဒ်တွေမှာ သပိတ်ထဲက ကျောင်းသားတွေကိုပဲ အာဇာနည်လိုလိုသူရဲကောင်းလိုလိုနဲ့ ဖော်ပြပြီး သူရဲကောင်းပြုနေတာမို့လို့ပါ။
သပိတ်စစ်ကြောင်း မော်လမြိုင်ကိုဝင်တော့ လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ အော်ဟစ်သောင်းကျန်းနေတာ မော်လမြိုင် တစ်မြို့လုံးသိပါတယ်။
သပိတ်ကျောင်းသားဆိုတာကလည်း လူနှစ်ဆယ်လောက်ပဲပါတာပါ။ ကျန်တာက NLD တွေနဲ့ မီဒီယာတွေပါပဲ။ အဲဒီမှာ ကျွန်တော်တို့တွေ သွားပြီးမေးမြန်းပါတယ်။ မေးတာကတော့ Final Year က ကျွန်တော့် သူငယ်ချင်း ဥာဏ်လင်းကမေးတာပါ။ 
ဒီသပိတ်ဟာကျောင်းသားအားလုံးကို ကိုယ်စားပြုသလား?? ကျောင်းသားတွေရဲ့ဆန္ဒစစ်မှန်သလားလို့ မေးတော့ ဘာမှပြန်မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်ပါတယ်။
ကျွန်တော်တို့မော်လမြိုင်မြို့သူမြို့သားတွေဟာ တစ်သက်လုံး အေးအေး ချမ်းချမ်း စည်းစည်းလုံးလုံးနေထိုင်လာတာပါ။ မော်လမြိုင် တက္ကသိုလ် ကျောင်းသားတွေဟာလည်း စည်းကမ်း ရှိရှိနဲ့ ဘယ်သူအရောင်ဆိုးတာကိုမှ လက်မခံခဲ့ဘဲ စာပေပညာကိုသာတစ်စိုက်မတ်မတ်သင်ကြားလာတာပါ။ ကျွန်တော် တို့ တက္ကသိုလ်မှာဒါမျိုးလာလုပ်တာကိုလဲ လက်မခံပါဘူး။
ကျွန်တော်တို့ကပြောခဲ့ပါတယ်။ အေးအေးဆေးဆေး ဆန္ဒဖော်ထုတ်ကြပါ ဆူပူအော်ဟစ်တာမလုပ်ပါနဲ့လို့ ပြောတော့ သူတို့ကလက်မခံပါဘူး။ အခုပညာရေးဥပဒေကို သိပ်ကောင်း လွန်းလှတယ်လို့လဲ ကျွန်တော်တို့ မပြောပါဘူး။ ပြင်ဆင်ဖို့လိုအပ်တယ်ဆိုပေမယ့် စည်းမဲ့ကမ်းမဲ့နဲ့ အရေးအခင်း ပုံစံမျိုးလုပ်ပြီး ကျောင်းသားတွေနာမည်တော့မတပ်ပါနဲ့ လို့ပဲပြော ချင်ပါ တယ်။ သတ္တိသိပ်ရှိကြရင် ကိုယ်တိုင်လမ်းပေါ် ထွက်ကြပါ။ ကျောင်းသားကို ထိုးမကျွေးကြပါနဲ့လို့လဲ ပြောခဲ့ပါတယ်။
အဲဒီနောက်တော့ ကျောင်းသားစစ်ကြောင်းထဲမှာ ပါလာတဲ့ NLD က အဖိုးကြီး တွေရောက်လာပြီး ကျွန်တော်တို့ကို မောင်းထုတ်ပါတယ်။ ဒါကဘာသဘောပါလဲ။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ မေးမြန်း ပိုင်ခွင့် ရှိတယ် ဆိုတာကို NLD ကဘာလို့ပိတ်ပင်တာပါလဲ။ ရုန်းရင်းဆန်ခတ် ဖြစ်မှာဆိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီကျောင်းသားအမည်ခံ NLD အဖိုးကြီးတွေ ကျွန်တော်တို့ ကျောင်းသားစစ်စစ် တွေကို မျက် ကွယ်ပြု ခဲ့ကြတာပါ။
ကျွန်တော်တို့ အခု တက္ကသိုလ်ခြံစည်းရိုးတစ်လျှောက်မှာလည်း ဆိုင်းဘုတ် တွေ ထောင်ထားပြီးပါပြီ။ ကျောင်းသားမိဘတွေကို စာနာနား လည်ပါ။ ငြိမ်းချမ်းစွာစာသင်ကြားနေသော ကျောင်းသားများကို စာနာပါလို့ ရေးထားတဲ့စာတွေထောင် ထားပါတယ်။ ဆန္ဒဖော်ထုတ်မှုလဲလုပ်ပါတယ်။ ဘယ်သူ့ကိုမှ ပြဿနာမပေးတဲ့ အေးချမ်းစွာဆန္ဒဖော်ထုတ်မှုပါ။ ဥပဒေနဲ့အညီ ခွင့်ပြုချက်လည်းတောင်းခံခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသား တွေရဲ့ ဆန္ဒအစစ်အမှန်ပါပဲ။
အခုကျောင်းသားသပိတ်ဟာလည်း ကျောင်းသားအားလုံးကို ကိုယ်စားမပြုကြောင်းနဲ့ ကျောင်းသားအားလုံးရဲ့ ဆန္ဒအစစ် အမှန်မဟုတ်ဘူး ဆိုတာကိုလည်း ကျွန်တော်တို့ မော်လမြိုင်တက္ကသိုလ်က သက်သေထူပါ ကြောင်း ရေးသားအပ်ပါတယ်။
ဝေလွင်ဦး ( မော်လမြိုင်တက္ကသိုလ်)
Today Myanmar

No comments:

Post a Comment