Tuesday, February 10, 2015

ဝန်ထမ်းများအားလုံး ကြိုတင်မဲ ထည့်ရမည်ဟု ကန့်သတ်ချက် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆို


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် ဝန်ထမ်းများ အားလုံး ကြိုတင်မဲ ထည့်ရမည်ဟု ကန့်သတ်ထားခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲ အတွက် နေပြည်တော်ကောင်စီ နယ်မြေရှိ ဝန်ကြီး ဌာနများ လက်အောက်ရှိ ဝန်ထမ်းများ ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြိုတင်မဲဆိုတာ ပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ဘူးလေ၊ ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်းတွေ အတွက်ပဲ ကြိုတင် မဲဆိုတာ ရှိတာ ဝန်ထမ်းအားလုံး ကြိုတင်မဲ ပေးစရာ မလိုပါဘူး၊ အဲဒီကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးလည်း အသေးစိတ် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာပါ” ဟု ဦးသောင်းလှိုင်က ပြောဆိုသည်။
ထို့အပြင် ကြိုတင်မဲထည့်ရန် မလိုအပ်သော ဝန်ထမ်းများ အနေနှင့် သက် ဆိုင်ရာ မဲစာရင်း ပါဝင်သော မြို့နယ်များရှိ မဲရုံများသို့ လူကိုယ်တိုင် သွား ရောက်မဲပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းသို့ ကြိုတင်မဲ ထည့်ခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က အသေးစိတ်စိစစ်မှု ပြုလုပ်လာသည်ကို တွေ့ရှိရသော်လည်း မဲစာရင်းများ မရှုပ်ထွေးစေရေးအတွက် စောင့်ကြည့်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
“၂၀၁၀ တုန်းက ဒီကြိုတင်မဲနဲ့ ရုပ်ပျက်ဆင်းပျက် အနိုင်ရခဲ့တာကို အားလုံးက သိနေတာပဲလေ၊ အဲဒီတော့ ဒီတစ်ခေါက် ကြိုတင်မဲမှာတော့ ပြဿနာ တစ်စုံ တစ်ရာ မဖြစ်အောင် သူတို့ လုပ်ချင်မှာပေါ့၊ ဒါပေမဲ့ အာဏာရပါတီ ဆိုတာက တစ်ခုမဟုတ် တစ်ခု မဲနိုင်အောင် ကြံစည်နေကျပဲလေ” ဟု ၎င်းကဆိုသည်။
အလားတူ အစိုးရဝန်ကြီးဌာန ရုံးများ အခြေစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေရှိ အစိုးရ ဝန်ထမ်းများ အားလုံးကို မိမိမူလနေထိုင်ရာ ဒေသများရှိ အခြေခံ မဲစာရင်းများတွင် ပါဝင်ခြင်း ရှိမရှိ ပြန်လည်စိစစ်ကြရန် နိုင်ငံတော် သမ္မတရုံးမှ တစ်ဆင့် ညွှန်ကြားထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ အထွေထွေ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပခဲ့သော်လည်း အဆိုပါ ရွေးကောက်ပွဲများတွင် ကြိုတင်မဲများ ပယ်မဲများတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အရပ်ဘက် အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာခဲ့သည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင်က ထုတ်ပြန်ထားသည်။
TheVoiceWeekly

No comments:

Post a Comment