Tuesday, February 3, 2015

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်သို့ ယနေ့စတင်ချီတက်


အမျိုးသားပညာရေး ဥပဒေဆွေးနွေးသော ကျောင်းသား များကို အားပေးသည့်အနေဖြင့် ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် ပုသိမ်မှ ရန်ကုန်သို့ ခြေလျင် ချီတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ရည်ရွယ် ချက်က တွေ့ဆုံဆွေးနွေးမှုကို လုံးဝထိခိုက်စေချင်တဲ့ ရည်ရွယ် ချက်မရှိဘူး။ နောက်ဆွေးနွေးပွဲ တွေမှာ ရလဒ်ကောင်းတွေရစေ ချင်တယ်။ အဓိကရည်ရွယ်တာ ကတော့ ပိုကောင်းတဲ့ ပညာရေး ဥပဒေထွက်ပေါ်လာဖို့ပါ’’ဟု ဧရာ ၀တီသပိတ်စစ်ကြောင်းဦးဆောင် ကော်မတီခေါင်းဆောင် ကိုအောင်ခန့်ဇော်ကပြောကြားသည်။



ဧရာဝတီသပိတ်စစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် ပုသိမ်မြို့မှ စတင်ထွက်မည်ဖြစ်ပြီး ကနဦးတွင် ပုသိမ်မြို့ဝန်းကျင်ရှိ ကျောင်းများသို့ ၀င်ရောက်ကာ သပိတ်မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။ နောက် ပုသိမ်-ရန်ကုန်ကားလမ်းအတိုင်း ဆက်လက်ချီတက်မည် ဖြစ်ပြီး ပုသိမ်မြို့နှင့် ၁၅ မိုင်ကွာဝေးသည့် ကန်ကြီးထောင့်မြို့တွင် ညအိပ်စခန်းချရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့နေ့က ဆွေးနွေးမှု အပေါ်မှာ ကျွန်တော်တို့ အားရ ကျေနပ်မှုမရှိဘူး။ အားရကျေနပ် မှုမရှိလို့ နောင်ဆွေးနွေးပွဲတွေမှာ ပိုကောင်းတဲ့ ရလဒ်တွေရဖို့မျှော် လင့်တယ်။ ဒါပေမဲ့ ဆွေးနွေးပွဲကို ဖိအားပေးလို့တဲ့ စိတ်မျိုးတော့ မရှိဘူး။ ကျောင်းသားတွေ တောင်း ဆိုထားတဲ့ အချက်တွေအားလုံးရဖို့လည်းမျှော်လင့်တယ်။ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျွန်တော်တို့ဆန့်ကျင်တယ်။ ဆွေးနွေးပွဲတွေကိုကျွန်တော်တို့ ထောက်ခံတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲတွေမှာ ၀င်ရောက်ဆွေးနွေးတဲ့ ကျောင်းသားတွေကို အားပေးတဲ့သပိတ်ပါ။ နားလည်မှုတွေ မလွဲဖို့တော့ လိုမှာပါ’’ ဟု ကိုအောင်ခန့်ဇော်ကပြောသည်။

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းသည် လမ်း ခရီးတွင် တွေ့ကြုံရင်ဆိုင်ရမည့် အခက်အခဲများအား ညှိနှိုင်းဖြေ ရှင်းသည့် နည်းကိုသာအသုံးပြု၍ ချီတက်သပိတ်မှောက်သွားမည် ဟု လည်းဆိုသည်။ အဆိုပါသပိတ်စစ်ကြောင်းတွင် ကျောင်းသား အင်အား ၄၀မှ ၅၀ ဦးအထိပါဝင် မည်ဖြစ်ပြီး ပုသိမ်မှ ရန်ကုန်မြို့ သို့ ငါးရက်မှ ခုနစ်ရက်ကြာသည် အထိ ချီတက်သပိတ်မှောက်ရန် စီစဉ်ထားကြောင်း သတင်းရရှိ သည်။

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း စုရုံးနေစဉ်(ဓာတ်ပုံ - သက်ဆွေ)
7Day Daily

No comments:

Post a Comment