Monday, February 2, 2015

ဘားအံတွင် မူးယစ်ဆေးဝါး ရောင်းချနေသော တပ်မတော်အရာရှိတစ်ဦးကို ဖမ်းမိ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ တည်းခိုခန်းတွင် ဇန်နဝါရီလ ၃၁ ရက် နံနက် ၁ နာရီခန့်က မူးယစ်ဆေးဝါး သုံးစွဲနေသော ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းမိရာမှ ကွင်းဆက်များဖြစ်သော မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဆက်လက်စုံစမ်းခဲ့ရာ အမှတ် (၂၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး အဆင့် ရာထူးရှိသူ တစ်ဦးကိုပါ သက်သေခံ စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“ရွှေဘားအံ တည်းခိုခန်းမှာ လင်မယားနှစ်ယောက် မူးယစ်ဆေး သုံးနေတယ်ကြားလို့ ဝင်ဖမ်းတာ ဆေးပြား ၃၀၀ ကျော်နဲ့အတူ ဖမ်းမိတယ်၊ ဆေးပြားတွေ ဘယ်က ဝယ်လာတာလဲ မေးတော့ ခမရ ၂၀၁ က ဗိုလ်ကြီးသက်ပိုင်ဆီက ရောင်းလိုက်တာပြောလို့ ဆက်လက်စုံစမ်းရာက ဗိုလ်ကြီးသက်ပိုင်ကို ဆေးပြားတွေနဲ့ ထပ်မိတာ” ဟု ဘားအံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
အဆိုပါ မူးယစ်ဆေးဝါး ရောင်းချသူ တပ်မတော်အရာရှိမှာ ရွှေဘားအံ တည်းခိုခန်းတွင် လာရောက်တည်းခိုနေသူ ဖြစ်သောကြောင့် ၎င်းတည်းခိုနေသည့် အခန်းအတွင်းသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၁၁၈ ပြားနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသည့် ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ တပ်မတော်အရာရှိကို ဆက်လက်စစ်ဆေးရာမှ အိန္ဒုကျေးရွာတွင် နေထိုင်သော အသက် ၆၀ နှစ် အရွယ်ရှိ ဒေါ်ညွန့်စိန်၏ နေအိမ်မှ စိတ်ကြွဆေးပြား ၈၇၇၉ ပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၁) ထံမှ သိရှိရသည်။
“မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းချသူ အားလုံးပေါင်း ခြောက်ယောက် ဖမ်းမိပြီး ဆေးပြား ၉၀၀၀ ကျော်နဲ့အတူ သက်သေခံအဖြစ် မော်တော်ယာဉ်တစ်စီးနဲ့ ဆိုင်ကယ်တစ်စီးပါ သိမ်းဆည်းထားတယ်၊ ဖမ်းမိတဲ့ ခြောက်ယောက်ထဲမှာ တပ်မတော်အရာရှိတစ်ဦး ပါဝင်နေတာကြောင့် သူ့ရဲ့ မိခင်တပ်ရင်းက တာဝန်ရှိသူတွေလည်း လာစစ်နေပါတယ်” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သော တပ်မတော်အရာရှိ အပါအဝင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ဘားအံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment