Thursday, February 5, 2015

ရန်ကုန်မြို့လယ်၌ ချထားသော ဘလောက်တုံးများကြောင့် ယာဉ်သွားလာမှု အခက်အခဲနှင့် ပိတ်ဆို့မှုများ ဖြစ်နေသော်လည်း ၎င်းတို့ကို ပြန်လည်ဖယ်ရှားရန် အစီအစဉ်မရှိဟု သိရ

ရန်ကုန်မြို့လယ်တွင် ချထားသော ဘလောက်တုံးများကြောင့် ယာဉ်သွားလာမှု အခက်အခဲနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါလမ်းကြောများတွင် သွားလာနေသည့် ယာဉ်မောင်းများက ပြောကြားသည်။

ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်များ စနစ်တကျပြေးဆွဲရေး အထောက်အကူပြုစေရန်အတွက် မြို့တွင်းလမ်းများဖြစ်သော အနော်ရထာ၊ မဟာဗန္ဓုလ၊ ကုန်သည်စသည့် လမ်းများတွင် ခရီးသည်တင်ယာဉ်များအတွက် မျဉ်းဝါများရေးဆွဲကာ လမ်းကြောင်းများ သတ်မှတ်ပေးခဲ့သည်။ သို့သော် အဆိုပါမျဉ်းဝါရေးဆွဲသည့်စနစ်မှာ ယာဉ်ထိန်းရဲရှိသည့် နေရာတွင်သာ အဆင်ပြေပြီး ယာဉ်ထိန်းရဲမရှိသည့် နေရာများတွင် သီးသန့်ပြေးဆွဲမှုမရှိခြင်းကြောင့် မျဉ်းဝါးနေရာတွင် ဘလောက်တုံးများချကာ သီးသန့်လမ်းကြောင်း သတ်မှတ်ခြင်းကို အနော်ရထာလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စတင်ပြုလုပ်ခဲ့သည်။



အဆိုပါဘလောက်တုံးများ ချထားပြီးနောက် အနော်ရထာလမ်းပေါ်တွင် ယာဉ်သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ခရီးသည်တင်ယာဉ် သီးသန့်လမ်းကြောင်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွာစွာ ဖြစ်ပေါ်လာခဲ့သည်ဟု သိရသည်။

“ကားလမ်းပိတ်တာကတော့ နေရာတိုင်းနီးပါးပဲ။ အခုဟာက ဘလောက်တုံးတွေကြောင့် ပိုဆိုးတာပေါ့။ ဘာကြောင့်လဲဆိုတော့ ခရီးသည်တင်ယာဉ်လမ်းကြောင်းကို တစ်ကြောင်းတည်းပေးပြီးတော့ ဘလောက်တုံးနဲ့ ကန့်ထားတယ်။ အခြားတက္ကစီတွေ၊ အိမ်စီးကားတွေကိုတော့ လမ်းကြောင်းသုံးလေး ခုလောက် ပေးထားတယ်။ အဲဒီကြားထဲက တက္ကစီ၊ အိမ်စီးကားအချို့က ခရီးသည်တင် ယာဉ်လမ်းကြောင်းထဲကိုဝင်ပြီးတော့ မောင်းတာတွေရှိတော့ ပိုပြီးပိတ်ဆို့ကုန်တာပေါ့” ဟု  အနော်ရထာလမ်းပေါ်တွင် ခရီးသည်တင် ယာဉ်မောင်းနှင်နေသူတစ်ဦးက ဆိုသည်။

ထို့ကြောင့် မ.ထ.သကလည်း ယာဉ်သွားလာမှုများ အဆင်ပြေစေရန်အတွက် ချထားသော ဘလောက်တုံးများအနက် ၂၄၂ တုံးအား ပြန်လည်ဖယ်ရှားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု သိရသည်။

“ကျွန်တော်တို့ ခရီးသည်တင်ယာဉ်လိုင်းတွေ သွားလာရအဆင်ပြေအောင်လို့ အနော်ရထာလမ်းပေါ်က သလောက်တုံး ၂၄၂ တုံးကို ပြန်လည်ဖယ်ရှားပေးဖို့ တင်ပြထားတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

ယင်းသို့ ဘလောက်တုံများကြောင့် ယာဉ်သွားလာမှုများ အခက်အခဲ ဖြစ်ပေါ်နေကြောင့် မ.ထ.သ ကလည်း တင်ပြထားခြင်းကြောင့် ဘလောက်တုံးများအား ပြန်လည်ဖယ်ရှားပေးရန် အစီအစဉ်ရှိမရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ မေးမြန်းခဲ့ရာ ၎င်းတို့အား ပြန်လည်ဖယ်ရှားရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

“မ.ထ.သကတော့ တုံး ၂၄ဝ ကို ပြန်ဖယ်ပေးဖို့ တင်ပြထားတာရှိတယ်။ ဒါပေမဲ့ အခုလည်း အနော်ရထာလမ်းပေါ်မှာ ကားသွားလာရတာ အဆင်ပြေနေတဲ့အတွက် တုံးတွေကို ပြန်ဖယ်ပေးဖို့ လောလောဆယ် မရှိသေးပါဘူး။ ပြန်ပြီးစစ်နေတုန်းပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘလောက်တုံးတွေကို အဲဒီလိုတင်ပြတော့ စည်ပင်ဘက်က တုံးချတဲ့စနစ်တွေကို ပုံစံပြောင်းလိုက်တယ်လို့ ပြောတယ်။ အရင်တုန်းချထားတာ စိပ်နေတဲ့နေရာတွေကို အခုချဲ့လိုက်တာတွေပေါ့” ဟု မ.ထ.သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ဆက်လက်ပြောကြားသည်။

ထိုသို့ ရန်ကုန်မြို့လယ်တွင်ချထားသော ဘလောက်တုံးရေများမှာ ယာဉ်များစည်းကမ်းတကျ မရှိခြင်းကြောင့် ချထားခြင်းဖြစ်ကြောင်းနှင့် ဘလောက်တုံးများချထာခြင်းကို ရှက်မိကြောင်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သတင်းမီဒီယာများနှင့် ရန်ကုန်မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့စဉ်က ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment