Tuesday, February 3, 2015

နန်းတွင်း စစ်အကျဉ်းထောင် ဖောက်ပြေးသူများထဲမှ ၂ ဦး ရွှေညောင်ဘူတာ အနီးမှာ ထပ်မံ ဖမ်းဆီးရမိ၊ တပ်ကြပ်ကြီး ရဲဝင်းစံ အား သတ်ဖြတ် ထွက်ပြေးပုံ အသေးစိတ်ကို ထွက်ဆို


ရွှေညောင်ဘူတာ အနီးမှာ ထပ်မံ ဖမ်းဆီးရမိတဲ့ စစ်သည် နှစ်ဥိး ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၅)ရက်နေ့ က မန္တလေး နန်းတွင်း စစ်အကျဉ်းထောင် စားရိပ်သာ တာဝန်ခံ တပ်ကြပ်ကြီး ရဲဝင်းစံ ကို သတ်ဖြတ်ပြီ ထောင်က ထွက်ပြေးလာတဲ့ အဖွဲ့ ထဲက တပ်သား ရဲမင်းနိုင် နဲ့ တပ်သား ဇော်မျိုးထက်တို့  (၂)ဦးကို ထပ်မံ ဖမ်းဆီး ရမိကြောင်း သစ်ထူးလွင်က သတင်းရရှိပါတယ်။
အဆိုပါ စစ်သည်နှစ်ဦးကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ က ရှမ်းပြည်နယ်၊ ရွှေညောင်ဘူတာ အနီးမှာ တာဝန်ကျ တပ်ထိန်း တပ်ဖွဲ့ ဝင်များက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်သည်များရဲ့ ထွက်ဆိုချက်အရ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၅)ရက်နေ့ နံနက် ၂ နာရီခန့် က စစ်အကျဉ်းထောင် စားရိပ်သာ တာဝန်ခံ တပ်ကြပ်ကြီး ရဲဝင်းစံ အား အကျဉ်းကျ စစ်သည် (၃)ဦး ဖြစ်တဲ့ တပ်သား နေထက်လင်း၊ တပ်သား ထွန်းနိုင်နဲ့ တပ်သား ကျော်ဇေယျ တို့ မှ ၀ိုင်းဝန်း သတ်ဖြတ်ခဲ့ပြီး အခြား အကျဉ်းကျ စစ်သည်များ ဖြစ်သည့် တပ်သားသူရ၊ တပ်သား သက်နိုင်ကျော်၊ တပ်သားအောင်ကျော်မင်း၊ တပ်သားရဲမင်းနိုင် (ယခုမိ)၊ တပ်သားဇော်မျိုးထက် (ယခုမိ) စုစုပေါင်း(၈)ဦးက စောင်ကျားများကို ဆက်ပြီး ထောင်နံရံကို ကျော်တက်ခဲ့ကြောင်း၊ အဲဒီနောက် ကျုံးရေပြင်အား ဖြတ်ကူးခဲ့ ကြောင်း ထွက်ဆိုပါတယ်။
ကျုံတဖက်ခြမ်း ရောက်ရှိချိန်မှာ တပ်သားသူရ မှာ အဲဒီနေရာမှာ နေခဲ့ပြီး ကျန်(၇)ဦးက မန္တလေး မြို့ ပြင် မီးရထားလမ်း ဘေးသို့ ရှောင်တိမ်းခဲ့ပြီး ညနေ(၃)နာရီခန့် မှာ တပ်သား ထွန်းနိုင်၊ တပ်သားနေထက်လင်းနဲ့ တပ်သား အောင်ကျော်မင်း တို့ (၃)ဦး အဖွဲ့ သည် စစ်ကိုင်းဘက်သို့ ထွက်ခွာ သွား ခဲ့ ကြောင်း၊ တပ်သားရဲမင်းနိုင်၊ တပ်သားဇော်မျိုးထက်၊ တပ်သားသက်နိုင်ကျော်နဲ့ တပ်သားကျော်ဇေယျတို့ (၄)ဦးအဖွဲ့ က မူဆယ်ဘက်သို့  ကား ကြုံနဲ့ ဆက်လက် ထွက်ခွာခဲ့ကြောင်းလည်း သိရပါတယ်။
(၄)ဦးအဖွဲ့ က ဇန်န၀ါရီလ (၂၇)ရက်နေ့ မှာ မူဆယ်မြို့ ကို ရောက်ရှိခဲ့ပြီး အလုပ်ရှာဖွေခဲ့ရာ အဆင်မပြေ သဖြင့် မူဆယ်မြို့ ပြင်မှာ ညအိပ်ခဲ့ပါတယ်။ ဇန်န၀ါရီလ(၂၈)ရက်နေ့ မှာ အဲဒီအဖွဲ့ ထဲက တပ်သား ကျော်ဇေယျဟာ ကြယ်ခေါင်ကို သွားမယ်ပြောပြီး မူဆယ်မှာ ကျန်ခဲ့တယ်။ ကျန်(၃)ဦးကတော့ တောင်ကြီးမြို့ ကို ပြန်လာခဲ့ရာ ဇန်န၀ါရီလ(၃၁)ရက်နေ့ မှာ တောင်ကြီးမြို့ ကို ရောက်ရှိခဲ့ပြီး ကားဂိတ်မှာ ညအိပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁)ရက်နေ့ မှာ အဆိုပါ (၃)ဦးအဖွဲ့ ထဲမှ တပ်သား သက်နိုင် ကျော်ဟာ သူဇနီးရှိရာ လွိုင်ကော် ဘက်ကို သွားဖို့ ကားဂိတ်မှာ ကျန်ခဲ့ပြီး အခုဖမ်းဆီးမိတဲ့ စစ်သည်(၂)ဦးကတော့ ရွှေညောင်ဘက်ကို ထွက်ခွါလာစဉ် တပ်ထိန်းတပ်ဖွဲ့ က ဖမ်းဆီးမိတာ ဖြစ်ကြောင်း သစ်ထူးလွင် က စုံစမ်းသိရှိ ရပါတယ်။
အဆိုပါ အကျဉ်းကျ စစ်သည်တွေ ကျုံးရေပြင်ကို ဖြတ်ကူးချိန်မှာ တပ်သား ထွန်းနိုင် (စစ်ကိုင်းဘက်ထွက်ခွာ အဖွဲ့ )မှ တစ်ဦးကို ငွေကျပ် (၁၅၀၀၀)ကျပ်စီ ခွဲဝေပေးခဲ့ပြီး လမ်းခရီးမှာ ခြေလျင်တစ်လှည့်၊ ကားကြုံတစ်လှည့် လိုက်ပါ ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းဘက် ထွက်ခွာသွားတဲ့ အဖွဲ့ ထဲက နှစ်ဦးကိုလည်း ဇန်န၀ါရီလ(၂၈)ရက်နေ့ မှာ ရွှေဘိုမြို့ ချီပါစုရပ်၊ မင်းကုန်းရွာအနီးမှာ ဖမ်းဆီးမိခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တရားခံများ ဖမ်းဆီးရမိရေး အတွက်လည်း တပ်မတော် နဲ့ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ တို့  ပူးပေါင်း ဆောင်နေကြောင်း သစ်ထူးလွင်က စုံစမ်းသိရှိ ရပါတယ်။

BY THIT HTOO LWIN

No comments:

Post a Comment