Wednesday, February 25, 2015

ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား

ကွမ်းယာ စားသုံးခြင်းသည် မိသားစု စီးပွားရေးနှင့် ကျန်းမားရေးကို ထိခိုက်စေရုံသာမက လူ၏ဥပဓိရုပ်နှင့် နိုင်ငံ၏ပုံရိပ် ညှိုးမှိန်စေသော လုပ်ရပ်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။



အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ကွမ်းယာ စားသုံးသူများ ကင်ဆာကဲ့သို့ ရောဂါကြီးများ ပိုမို ဖြစ်ပွားလာသဖြင့် ကွမ်းယာ စားသုံးသူများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကွမ်းယာဆိုင်များတွင် သတိပေး စာတန်းများ ထားရှိနိုင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရသို့ မေးမြန်းမှုကို ဖြေကြားရာတွင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ ကျန်းမာရေး သတိပေးမှုအဖြစ် စီးကရက်ဘူးများတွင် ကျန်းမာရေး သတိပေးချက်များ ထည့်သွင်း ထားသကဲ့သို ကွမ်းယာဆိုင်များ၊ ကွမ်းယာ ထုပ်ပိုးမှုများတွင် ကျန်းမာရေး သတိပေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ထပ်မံရှင်းပြသည်။

“ကွမ်းယာဆိုင်တွေမှာရော ကွမ်းယာထုပ်တဲ့ အိတ်တွေအပေါ်မှာပါ ကျန်းမာရေး သတိပေးမှုတွေ လုပ်သွားမှာပါ” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး တိုက်ဖျက်ရေး ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သူများ ဆေးလိပ် ဝယ်ယူခွင့် ပိတ်ပင်ထားသော်လည်း ဆေးရွက်ကြီးနှင့် အိမ်နီးချင်း နိုင်ငံများမှ ဆေးမျိုးစုံ အသုံးပြုသော ကွမ်းယာကိုမူ အသက်အရွယ်မရွေး ဝယ်ယူခွင့် ပြုထားကြောင်း၊ ဆေးရွက်ကြီးနှင့် ထုံး စသည်တို့ကြောင့် ကင်ဆာရောဂါမျိုးစုံ ဖြစ်ပွားမှုမှာ တိုးပွားလာနေကြောင်း ဦးဖုန်းမြင့်အောင်က ထောက်ပြသည်။

“ကမ္ဘာပေါ်မှာ ကွမ်းစားသုံးမှု အများဆုံးနဲ့ စည်းကမ်းမဲ့ ကွမ်းအထွေးဆုံး နိုင်ငံကို ရှာပါဆိုရင် ဝဲယာတောင်မြောက်ကို ရှာစရာ မလိုဘူး ကျွန်တော်တို့ ကိုယ်တိုင်ပဲ” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

ကမ္ဘာ့နိုင်ငံများနှင့် စင်ကာပူကဲ့သို့ နိုင်ငံများတွင် ဆေးလိပ် တိုက်ဖျက်ရေးနှင့် ပီကေစားသုံးမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မျိုးဆက်တစ်ခုခန့် အချိန်ယူ လုပ်ဆောင်ခဲ့ရကြောင်း မြန်မာနိုင်ငံတွင်လည်း ကွမ်းစားသုံးမှု အတွက် ကျန်းမာရေး သတိပေးမှုများကို ယခုအချိန်တွင် စတင်နိုင်မှသာ နောင်မျိုးဆက် တစ်ခုတွင် ကွမ်းယာ အန္တရာယ် လျော့ပါးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment