Friday, February 6, 2015

ရန်ကုန်မြို့သို့ချီတက်နေသော ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်း၏ လုံခြုံရေးကို ဧရာဝတီတိုင်းအတွင်းသာ တာဝန်ယူမည်ဟု ၀န်ကြီးချုပ်က ကျောင်းသားမိဘများအား ပြောကြား


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်၍ ရန်ကုန်မြို့သို့ချီတက်နေသော ဧရာ ဝတီကျောင်းသား သပိတ်စစ်ကြောင်းအတွင်း ပါဝင်သည့် ကျောင်းသားမိဘအချို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ဖေဖော်ဝါရီ  ၅ ရက် နံနက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး သပိတ်မှောက်ကျောင်းသားများ၏လုံခြုံရေးကို ဧရာဝတီတိုင်းဒေသကြီး အတွင်းသာ တာဝန်ယူ သွားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့အရောက် မချီတက်စေချင်ဟု ကျောင်းသားမိဘများကို ပြောကြားခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ကျောင်းသားမိဘများထံမှ သတင်းရရှိသည်။



“အစ်မကို ဝန်ကြီးချုပ်က တွေ့ချင်တယ်ဆိုပြီး မနေ့က အကြောင်းကြားတယ်။ သူတို့ စီစဉ်ပေးတဲ့ ကားနဲ့ပဲ သွားပြီးတွေ့ပါတယ်။အစ်မတို့သားသမီးတွေ သပိတ်မှာပါတာ ခွင့် ပြုရဲ့လား သဘောတူရဲ့လားဆိုတာ မေးတယ်။ အားလုံးက ခွင့်ပြုသဘောတူတယ်လို့ပြန်ပြော ခဲ့တယ်။ ဘာကြောင့် သပိတ်မှောက်ရတာလဲ မေးတော့ အစ်မတို့က အစ်မတို့ဖြတ်သန်းခဲ့ရ တဲ့ အတွေ့အကြုံ၊ အခုသားသမီးတွေဖြစ်နေ တဲ့ ပညာရေးအခက်အခဲတွေကို ပြန်ပြောပြခဲ့ တယ်။ ဝန်ကြီးချုပ်ကြီးက ကျောင်းသားတွေ ရဲ့လုံခြုံရေးကို ဧရာဝတီတိုင်းအတွင်းတော့ ဘာမှမဖြစ်အောင်တာဝန်ယူပေးမယ်၊ ဘယ် သူမှလည်းမတားစေရဘူး။ ဧရာဝတီကကျော် သွားရင်တော့မသိဘူး။ ရန်ကုန်ကို ဆက်မတက်စေချင်ဘူးလို့ ပြောပါတယ်။ ကလေးတွေကို ပြန်ခေါ်စေချင်တယ်လို့လည်း ပြောပါတယ်။ အေးအေးဆေးဆေး ဆွေးနွေးတဲ့သဘောပါ။ ကျောင်းသားမိဘ ၁ဝ ဦးလောက် လာတယ်။ အစ်မဆို ကျောင်းသားငါးဦးရဲ့ မိဘအုပ်ထိန်းသူအဖြစ် တက်ခဲ့တာပါ” ဟု ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းအတွင်း ပါဝင်သော ကျောင်းသူငါးဦး၏ အုပ်ထိန်းသူမိဘဖြစ်သည့် မြောင်းမြမြို့မှ ဒေါ်စန်းစန်းဌေးက ပြောကြားသည်။

ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့သို့ ချီတက်လာရာလမ်း တစ်လျှောက်မြို့များတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးများက ကျောင်းသားများကို ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် လျှောက်ထားရန် ပြောကြားသော်လည်း ကျောင်းသားများမှ လျှောက်ထားခြင်းမပြုခဲ့ကြောင်း သိရသည်။

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၃ ရက်တွင် ပုသိမ်မြို့မှ စတင်ထွက်ခွာလာခဲ့ပြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့ နယ်များကို ဖြတ်ကျော်လာပြီဖြစ်ကာ မအူပင်မြို့၊ ကျိုက်လတ်မြို့၊ ဖျာပုံမြို့၊ ဒေးဒရဲမြို့ များကိုဖြတ်ကာ ရန်ကုန်တိုင်းဒေသကြီးသို့ ကော့မှူး မြို့နယ်မှ ဝင်ရောက်၍ အခြားသော သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment