Wednesday, February 25, 2015

အသတ်ခံရသည့် ကချင် ကျောင်းဆရာမ နှစ်ဦးအမှု တလကျော်အထိ အမှုမှန်မပေါ်သေး


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင် ကျောင်း ဆရာမ နှစ်ဦး အမှုသည် တလကျော် ကြာသည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း သိရသည်။

အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကချင် ကျောင်း ဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း၊ ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာသင်ကြား ပေးနေကြသူများ ဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်သည်။



ထိုကျောင်း ဆရာမ ၂ ဦးသည် အဓမ္မပြုကျင့်ပြီး အသတ်ခံရခြင်း ဖြစ်ကြောင်း ဆရာဝန် ဆေးစစ်ချက်တွင် ဖော်ပြခဲ့သည်။

ယင်း အမှုနှင့် ပတ်သက်ပြီး ရွာသားအားလုံးကို စစ်ဆေးပြီးသွားသော်လည်း သံသယရှိသည့် ရွာသား၂ဦးကို ရဲတပ်ဖွဲ့က ထပ်မံ စစ် ဆေးမှု ပြုလုပ် ခဲ့ကြောင်း၊ လက်ရှိတွင် ကောင်းခါးကျေးရွာမှ ဒေသခံများ ကြောက်ရွံ့ နေကြသဖြင့် ရွာအနီးရှိ အစိုးရတပ်များကို ပြောင်းရွှေ့ထားရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် သီးခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုပါ ဖွဲ့စည်းထားကြောင်း KBC မှ သင်းအုပ် ဆရာ ခလမ်ဆွမ်ဆန်က ဧရာဝတီသို့ ပြောသည်။

“ရွာသား ၂ဦးကို ခြိမ်းခြောက်ပြီး ထိုးကျွေးတာ၊ အတင်း ဝန်ခံခိုင်းတာမျိုး ကျနော်တို့ မလိုလားဘူး။ ဒီကောင်လေး ၂ ယောက်ကို စစ်ဆေးတဲ့ ရဲဘက်က ပြန်စစ်ချင်တယ်ဆိုတော့၊ ကျနော်တို့က အားလုံးရှေ့မှာ ပြန်စစ်မယ် ဆိုငြင်းစရာ မရှိပါဘူး။ အတင်း ဝန်ခံ တာမျိုးတွေ မလိုလားဘူး”ဟု ဆရာ ခလမ်းဆွမ်ဆန် က ဆိုသည်။

ရွာသားများနှင့် အစိုးရ တပ်မတော်သား ၂၅ ဦး၏ မျိုးဗီဇ(DNA) ကို စစ်ဆေးရာတွင် နိုင်ငံတကာအဆင့်ဖြင့် စစ်ဆေးသင့်ကြောင်း၊ အမှုကို ပိတ်စေချင်၍ တပ်ကို ရွှေ့ခိုင်းခြင်းမဟုတ်ကြောင်း၊ ဒေသခံများ လုံခြုံရေး အတွက် ရွှေ့ခိုင်းခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“KBC ဘက်က စစ်ဆေးရေး အဖွဲ့တွေက တပ်တွေရှိရင် စစ်ဆေးရတာ ခက်ခဲတဲ့အတွက် ရွှေ့ပေးပါလို့ တောင်းဆိုလို့ ရွှေ့လိုက် တာပါ။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ KBC အဖွဲ့နဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ DNA စစ်ဆေးချက်က တရားဝင် အခုထိ မထွက်သေးပါဘူး”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး ဦးစီးအရာရှိ ရဲမှူးကြီး ဆန်းလွင်က ဧရာဝတီသို့ ပြောသည်။

စေတနာ့ ဝန်ထမ်း ဆရာမ ၂ဦး အမှုမှန်ပေါ်ပေါက်ရေးအတွက် KBC ၊ ရှေ့နေ အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်းများ ပါဝင်သော သီးခြား စုံစမ်းရေး ကော်မတီကို ဖေဖော်ဝါရီ ၂ ရက်က စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ဦး အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွား နေ သော စစ်ပွဲ နှင့် ပဋိပက္ခများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ ညဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံရခြင်းများ ကြုံတွေ့နေရသည့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပေးရန် ကချင်ငြိမ်းချမ်း ရေး ကွန်ရက်က ဆရာမ ၂ဦး အသတ်ခံရသည့် တလပြည့်နေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် သက်ဆိုင်ရာသို့ တောင်းဆိုထားသည်ဟု ဆို သည်။

ဧရာဝတီ

1 comment:

  1. KBC က ခလမ်ဆမ်ဆွန်ကိုသေချာစစ်ပါ။လူသူမရှိတဲ့ နယ်စပ်ဒေသမှာ ၊ဘယ်သူမှမနေတဲ့ ဘုရားကျောင်းထဲမှာသွားထားတာကိုကသံသယဖြစ်စရာပါ။ပြီးတော့ သူဦးဆောင်ပြီးစစ်တပ်ကိုစွပ်စွဲနေတာ။ကေအိုင်အေနဲ့ ပေါင်းပြီးစစ်တပ်ကိုဆန့် ကျင်နေတာ။ဘာသာရေးမလုပ်ပဲငွေရဖို့ ပဲလုပ်နေတဲ့ သူပါ။ ကေဘီစီနဲ့ ဒုက္ခသည် ကေအိုင်အေကိစ္စ တွေနောက်နေ့ မှပြောပြမယ် ။ကျွန်တော်မြစ်ကြီးနားသားပါ။

    ReplyDelete