Wednesday, February 4, 2015

ယူနိုက်တက်၏ အမှတ်မထင် ခေါ်ယူမှုကြောင့် ကဲလတ် တုန်လှုပ်အံ့ဩသွားဟု ဘော်လ်တန်မန်နေဂျာ ပြောကြား

မန်ချက်စတာ ယူနိုက်တက်၏ အမှတ်မထင် ခေါ်ယူခြင်းကို ခံခဲ့ရသည့်နောက် အန်ဒီကဲလတ် အနေဖြင့် အလွန်အံ့ဩ တုန်လှုပ်သွားခဲ့ကြောင်း ဘော်လ်တန် အသင်းမန်နေဂျာ နီးလ်လင်နွန်က ထုတ်ဖော် ပြောကြားခဲ့သည်။

ယူနိုက်တက်သည် ဆောင်းရာသီဈေးကွက် မပိတ်မီ နာရီပိုင်း အလိုတွင် ဘော်လ်တန် လူငယ်ခံစစ်သမား ကဲလတ်ကို ရုတ်တရက် အငှားခေါ်ယူလိုက်သည်။ ကဲလတ်သည် ရာသီကုန်ထိ ယူနိုက်တက် အသက်(၂၁)နှစ်အောက် အသင်းတွင် ပါဝင်ကစားခွင့် ရရှိမည် ဖြစ်သည်။ ယူနိုက်တက်သည် ဘယ်လ်ဂျီယံ လူငယ်ခံစစ်မှူး မာနစ်ခ် ဗာမီဂျီလ်ကို ရှက်ဖီးလ် ဝက်နက်စ်ဒေးထံ ပြောင်းရွှေ့ခွင့် ပြုခဲ့ပြီးနောက် အသက်(၂၁)နှစ်ရှိ ကဲလတ်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ဘော်လ်တန် မန်နေဂျာ လင်နွန်က ကဲလတ်သည် ယခင်က အငှားထွက်ကစားဖူးသည့် ပလိုင်းမောက်သ် အသင်းသို့ ထပ်မံသွားရောက်ရမည်ဟု ယူဆနေသော်လည်း ယူနိုက်တက်၏ ကမ်းလှမ်းမှုကြောင့် အလွန်အံ့ဩသွားကြောင်း ဆိုသည်။



“သူက နောက်တစ်ခါ ပလိုင်းမောက်သ်မှာ သွားကစားရမယ်လို့ ထင်နေတာ။ ဒါပေမဲ့ ယူနိုက်တက်ကို သွားရမယ်လို့ ပြောပြလိုက်တဲ့အခါ အရမ်းအံ့ဩသွားတယ်။ သူက လုံးဝ မယုံဘူး။ မဖြစ်နိုင်ဘူးလို့တောင် ခံငြင်းနေသေးတယ်။ နောက်တော့ သူ့အဖေဆီ ဖုန်းခေါ်ပြီး ပြောပြတယ်။ သူ့အဖေလည်း ထိုင်ကျသွားတယ်လို့ ကျွန်တော်ထင်တယ်။ အခုဆို သူဟာ မန်ချက်စတာ ယူနိုက်တက် ထရက်ဆုကို ဝတ်ဆင်ခွင့် ရတော့မယ်လေ။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူ့အတွက် တစ်သက်မှာ တစ်ခါလောက် ရလာတဲ့ အခွင့်အရေးလို့ ဆိုရပါမယ်”ဟု လင်နွန်က မှတ်ချက်ပြုခဲ့သည်။

ကဲလတ်သည် ပလိုင်းမောက်သ်မှ ပြန်ရောက်လာပြီးနောက် ဘော်လ်တန်ပထမအသင်းတွင် ပါဝင်ခွင့် ရလာသော်လည်း ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသည်။ ပလိုင်းမောက်သ်သည် ကစားသမားကို ထပ်မံခေါ်ယူရန် အလေးအနက် ကြိုးပမ်းခဲ့သော်လည်း ယူနိုက်တက်က ကြားဖြတ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ လင်နွန်က “ယူနိုက်တက် အရန်အသင်းနည်းပြ ဝါရန်ဂျွိုက်စ်နဲ့ ကျွန်တော် ခင်ပါတယ်။ သူက ကဲလတ်အကြောင်း သိထားတယ်။ ကျွန်တော်တို့က ယူနိုက်တက်က ဆိုင်ဒီဂျန်ကိုကို ခေါ်ယူနိုင်ဖို့ ဖုန်းဆက်ပြီး မေးခဲ့တယ်။ သူတို့က ကဲလတ်ကို အငှားချပေးရင် လက်ခံမယ်လို့ အကြောင်းပြန်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ ယူနိုက်တက် လူငယ် အလယ်တန်းလူ ဂျန်ကိုသည်လည်း ဘော်လ်တန်သို့ အငှားသွားရောက် ကစားမည်ဖြစ်ကြောင်း သိရှိရသည်

Soccer Myanmar

No comments:

Post a Comment