Tuesday, February 10, 2015

ဖုန်းကြားရှင်နောက်မှာ UNFC ရှိနေသလား …..?

အသက် ၈၀ ကျော် သက်ကြားအို ဖုန်ကြားရှင်ရဲ့ ကယောင်ချောက်ချား စကားများကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အမှိုက်တစ်ပုံ ထပ်တိုးလာပြန်ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ တပ်မတော်ကို ကိုးကန့်အဖွဲ့က ပြန်တိုက်မယ်ဆိုပြီး တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဘော် တွေကို ဖော်ပြနေတဲ့ The Globall Time သတင်းစာကနေ အင်တာဗျုး ထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ကျော့ပြန် ဖုန်ကြားရှင်နောက်မှာ တရုတ်ရှိနေတယ်ဆိုပြီး သတင်း တွေ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဖုန်ကြားရှင်က ၂၀၀၉ ခုနှစ်တုန်းက တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှာင်ခဲ့သူဖြစ်ပါတယ်။ ထိုင်းဘက် ကို ထွက်ပြေးတိမ်းရှောင်ပြီး တရုတ်နိုင်ငံမှာ ခိုလှုံခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီလို ပုန်းနေရာကနေ ၅ နှစ်အကြာ ရောက်လာကာမှ ၀ုန်းဒိုင်းကြီး တပ်မတော်ကို ပြန်တိုက်မယ်ဆိုတော့ စိတ်ဝင်စားစရာ ကောင်းသွားတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဖုန်ကြားရှင် ထွက်ပြေးစဉ်ကတည်းက တရုတ်နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးကနေရတဲ့ ငွေတွေ တရုတ် မှာ လာအပ်ထားတဲ့အတွက် ဘဏ် အကောင့်တွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ ဒီတော့ တရုတ်က ဖုန်ကြားရှင် ကို ကြိုး ကိုင်တယ်ဆိုတာကလည်း စဉ်းစားစရာတော့ ဖြစ်နေပြန်ပါတယ်။
ဒီတော့ ဖုန်ကြားရှင်နောက်မှာ တရုတ်မရှိရင် ဘယ်သူရှိလဲဆိုတဲ့ အဖြေ ကလည်း စိတ်ဝင်စားစရာ အနေအထား ဖြစ်ပါ တယ်။ ပထမအချက်က ဖုန်ကြားရှင်ဦးစီးတဲ့ ကိုးကန့်(တိမ်းရှောင်)အဖွဲ့ဆိုတာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင် ပြည်နယ် အစပ် KIA နယ်မြေထဲမှာ ပြန်ပေါ်လာခဲ့ ပါ တယ်။ တကယ်ဆိုရင် ကိုးကန့်ဒေသမှာ လှုပ်ရှားရမှာ ဖြစ်ပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်နေတဲ့အတွက်ကြောင့် သူတို့ပြန်လာလို့ မရတော့ ပါဘူး။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ဦးစီးအဖွဲ့ဝင် ၁၀ ဦးနဲ့ အုပ်ချုပ်နေပြီ ဖြစ်ပါတယ်။ ဒါဖြင့်ရင် KIA နယ်မြေမှာ ကိုးကန့်(တိမ်းရှောင်)အဖွဲ့ ဘာလုပ်နေ သလဲ။
ပြီးခဲ့တဲ့ လထဲမှာ တပ်မတော်စစ်ကြောင်းကို ကိုးကန့်(တိမ်းရှောင်)အဖွဲ့က ၀ိုင်းဝန်းတိုက်ခိုက်လို့ အများအပြား ထိခိုက် ကျဆုံးခဲ့တာ ရှိပါတယ်။ ရှမ်းမြောက်မှာ မကြာခဏတိုက်ပွဲတွေ ဖြစ်နေတာဟာ တပ်မတော်နဲ့ FUA အဖွဲ့လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဖုန်ကြားရှင်အဖွဲ့ဟာ FUA ထဲမှာ ပါဝင်ပြီး တိုက်ခိုက်နေတယ်လို့ ဆိုနိုင်ပါတယ်။ FUA ကို KIA က အဓိကထိန်းချုပ်ထားပြီး သူတို့ သြဇာလွှမ်းမိုးလို့ရတဲံ TNLA၊ ကိုးကန့်(တိမ်းရှောင်)အဖွဲ့၊ ရခိုင်တပ်မတော်၊ ABSDF၊ CNF စတဲ့ နှစ်ယောက်တစ်ပိုင်း အဖွဲ့လေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
FUA ဆိုတာ UNFC ရဲ့ ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ ဖြစ်ပါ တယ်။ ဖုန်ကြားရှင်အဖွဲ့ဟာ FUA ထဲမှာ ပါဝင်နေခြင်းဟာ KIA ရဲ့ စနက်လို့ ပြောလို့ ရပါတယ်။ အစိုးရနဲ့ တပ်မတော်ကို ဆန့်ကျင်ရန် နောက် ထပ်လက် နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို ဆွဲသွင်းလာခြင်းလည်း ဖြစ်ပါ တယ်။ ဒါဆိုရင် ဖုန်ကြားရှင်ကို ဇာတ်ရှုတ်ထဲ ပါလာအောင် ဆွဲထည့်ပြီး နောက်ကွယ်ကနေ မြှောက်ပေးနေတာ UNFC ဖြစ်ဖို့များပါတယ်။ ဖုန်ကြားရှင်ရဲ့ ကိုးကန့်(တိမ်း ရှောင်)အဖွဲ့နဲ့ KIA ဟာ မဟာမိတ်အဖွဲ့တွေလို့လည်း သတင်းတွေ ထွက်နေပါတယ်။
ဖုန်းကြားရှင်နောက်မှာ တရုတ်မရှိပါဘူးလို့ MNDAA အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖုန်အားတီက 7 Day သတင်းဌာနကို ဖြေကြားသွားခဲ့ ပါတယ်။ သူ့စကားထဲကနေ သတိပြုရာအချက်ကိုလည်း တွေ့လိုက်ရပါတယ်။ ``တရုတ် က နောက်ကွယ်မှာ မရှိပါဘူး၊ ဒီအပြင် အဖွဲ့ဆိုရင် ကျွန်တော်တို့ UNFC ထဲလည်း ၀င်ထားတာ ဆိုတော့ အဲဒီမဟာမိတ် အဖွဲ့တွေရှိတယ်´´ ဆိုတဲ့ စကားက သတိထားစဉ်းစား ကြည့်ရင် UNFC လက်ချက်ဆိုတာ ပေါ်လွင်နေပါတယ်။
ဒါဆိုရင် ဖုန်ကြားရှင်အဖွဲ့ကို UNFC လက်ခံခဲ့တာ ဘာအတွက်ပါလဲ။ ယခု UNFC ရဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ် တပ်မတော် တည်ထောင် နိုင်ရေး တောင်းဆိုမှုတွေအပေါ် အင်အားများအောင် ဆွဲထည့်လိုက်ခြင်းသာ ဖြစ်ပါ တယ်။ ဒါမှ နိုင်ငံတကာက အစိုးရကို ဖိအားပေးလာပြီး သူတို့ တောင်း နေတဲ့ ဖက်ဒရယ်ကိစ္စ လက်တွေ့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဖုန်ကြားရှင်ရဲ့ တစ်ကျော့ပြန် အစိုးရကို တိုက်ခိုက်မယ်ဆိုတဲ့ စိန်ခေါ်မှုအပေါ် ခွန်ဥက္ကာလို လူစားက အကောင်းမြင်ပေးခဲ့ခြင်းက UNFC ရဲ့ စနက်တွေ မကင်းဘူးဆိုတာ သေချာပါတယ်။
သို့သော် ကိုးကန့်ဒေသကို ပြန်လိုချင်လို့ ဖုန်ကြားရှင်က ပြန်တိုက်မယ်ဆို သော်လည်း သူ့ရဲ့သြဇာအာဏာဒေသတွင်းမှာ မရှိတော့ဘူးလို့ လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ ဦးစီးအဖွဲ့ဝင် ဦးကျောက်ထယ် ချန်ကိုယ်တိုင် ပေါ်ပြူလာနယူးစ်ဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လောက်ကိုင်မြို့အပါအ၀င် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ကိုးကန့်အဖွဲ့ရဲ့ လုံခြုံရေး ကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက တာဝန်ယူနေတယ်။ တပ်မတော်၊ နယ်ခြားစောင့်တပ်အမှတ်(၁၀၀၆)၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ရှိတဲ့အတွက် ကိုးကန့်ဒေသအေးချမ်းနေပြီလို့လည်း ဆိုပါ တယ်။ 
အချုပ်ပြောရရင် ဖုန်ကြားရှင်ရဲ့ တကျော့ပြန်ခရီးဟာ ကိုးကန့်ဒေသနှင့်လုံးဝ မသက်ဆိုင်တော့ကြောင်း သိသာနေပြီ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို အနှောင့်အယှက်ပေးဖို့ ပြန်လာတာဆိုရင်တော့ အလွန်စိတ်ပျက်ဖို့ကောင်းတဲ့ လုပ်ရပ်လို့ပဲ မြင်မိပါတယ်။ UNFC ဆိုတာ ကလည်း အဲဒီလို ယောက်ခြောက်ဆယ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက် အစိုးရကို အတိုက်အခံလုပ်မှသာ ထမင်းနပ်မှန်အောင် စားရမယ့် ဘ၀ဖြစ်ပါတယ်။ တစ်ကျော့ပြန်ဖုန်ကြားရှင်ရဲ့ အပြန်ခရီးမှာ အများထင်သလို သူ့နောက်ကွယ်မှာ တရုတ်ရှိမနေဘဲ UNFC ရှိနေသလားဆိုတဲ့မေးခွန်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သတိရှိကြရန် ရေးသားလိုက်ရပါတယ်။
ဇော်ထက်ခေါင်

No comments:

Post a Comment