Friday, March 27, 2015

နိုင်ငံတကာ မီဒီယာညီလာခံမှာ သတင်းထောက်တစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်


မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေကို အစိုးရက ဖိနှိပ်နေမှုတွေ ရပ်တန့်ဖို့အတွက် ရန်ကုန်မြို့တော်မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ နိုင်ငံတကာ မီဒီယာညီလာခံမှာ အလွတ်တန်း သတင်းထောက် တစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရန်ကုန်မြို့တော်မှာ တည်ရှိတဲ့ ချက်ထရီယမ်ဟိုတယ်မှာ မတ်လ ၂၇ရက်နေ့မှ စတင် ပြုလုပ်နေတဲ့ နိုင်ငံတကာ မီဒီယာ ညီလာခံမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောနေချိန်မှာ အလွတ်တန်း သတင်းထောက်ဖြစ်တဲ့ ကိုစိုးရာဇာထွန်းက နှာခေါင်းစည်း အုပ်ထားပြီး ဂျာနယ်လစ်တွေကို ဖိနှိပ်တာ၊ ဖမ်းဆီးထောင်ချတာတွေ ရပ်ဆိုင်ဖို့ ပါဝင်တဲ့ စာရွက်ကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။

မီဒီယာညီလာခံ ကျင်းပရာ ခန်းမအတွင်းမှာ ငါးမိနစ်ကြာ မတ်တပ်ရပ် ဆန္ဒထုတ် ဖော်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေ ဖိနှိပ်ခံနေရဆဲဆိုတာကို နိုင်ငံတကာက သိစေဖို့နဲ့ ပြည်တွင်း မီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရပ်တန့်စေဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒဖော်ထုတ်တာကို ကိုစိုးရာဇာထွန်းက ပြောပါတယ်။

“သတင်းထောက်တွေ ဖိနှိပ်ခံနေရဆဲ ဖြစ်ပါတယ်ဆိုတာကို အစိုးရရော ပြည်ပမီဒီယာတွေရော သိအောင် ကျွန်တော့် တစ်ဦးတည်း ဆန္ဒကို ထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ စင်ပေါ်မှာ ဝန်ကြီးပြောနေတာနဲ့ လက်ရှိ ဖြစ်နေတာတွေဟာ ဆန့်ကျင်ဘက် ဖြစ်ပါတယ်ဆိုတာ သိစေချင်တာပါ” လို့ သူက ဆက်ပြောပါတယ်။

အဲဒီအခမ်းအနားကို သတင်းထောက် တစ်ဦးအနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး အခမ်းအနား မထိခိုက်အောင် ဆန္ဒဖော်ထုတ်တာ ငါးမိနစ် ပြည့်တာနဲ့ ညီလာခံကနေ ထွက်လာခဲ့တယ်လို့ ကိုစိုးရာဇာထွန်းက ပြောပါတယ်။

အလားတူ နိုင်ငံတကာ မီဒီယာညီလာခံ ကျင်းပနေတဲ့ ချက်ထရီယမ် ဟိုတယ်ရှေ့မှာ မီဒီယာတွေကို တိုက်ခိုက်နေမှု ရပ်တန့်ရန် ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး သတင်းသမားတချို့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

သတင်းထောက်တွေကို ရိုက်နှက်ထိန်းသိမ်းတာ၊ ဖမ်းဆီးထောင်ချတာတွေ ဖြစ်ပေါ်နေတာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာမီဒီယာ ညီလာခံသို့ မြန်မာနိုင်ငံ သတင်းထောက်တွေ တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ဖို့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN က ကြေညာထားပါတယ်။

(ဓာတ်ပုံ - Kaung Htet Facebook Page)
The Voice Weekly 

1 comment:

  1. ( အရမ်းကိုလေးစားဂုဏ်ပြုထိုက်သူ နိုင်ငံအပေါ် ကိုယ်ကျိုးမငဲ့စွန့်လွှတ်စွန့်စားသူပါဗျာ ဒီလိုလူနှစ်ယောက်မရှိလို့ တယောက်ထဲထပီး (ဆန္ဒ)ပြနေတာဖြစ်ရမယ် ဘေးရန်ကင်းပါစေဗျာ )

    ReplyDelete