Monday, March 9, 2015

ကျောင်းသားသပိတ် ရန်ကုန်သို့သွားခွင့် ပြု၊ မပြု ယနေ့ညနေ သမ္မတ အဖြေပေးမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ အချက်(၈)ချက်ဖြင့် ရန်ကုန်သို့ ချီတက်ရန် ပင်မသပိတ်မှောက်ကျောင်းသားများ၏ လိုလားချက်ကို ခွင့်ပြု၊ မပြု ယနေ့ညနေသုံးနာရီတွင် သမ္မတထံမှ အဖြေသိရမည်ဟု လက်ပံတန်းမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER) မှ ဒေါက်တာသိန်းလွင်က ပြောသည်။


“ဒီနေ့ ညနေသုံးနာရီလောက်မှာ သမ္မတဆီက အဖြေသိရမှာပါ” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။
လက်ပံတန်းမြို့သို့ မတ်လ ၇ရက်နေ့၊ မနက်ပိုင်းက သပိတ်မှောက်ကျောင်းသားများအပါအဝင် ပဲခူးတိုင်း နယ်လုံဝန်ကြီးနှင့် လာရောက်တွေ့ဆုံခဲ့သည့် ဒေါက်တာသိန်းလွင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။




“ဝန်ကြီးပြောတာ သူ့အနေနဲ့ကတော့ ပြည်ထဲရေးက သူ့ကို တာဝန်ပေးထားတဲ့အတိုင်းပဲ ဆောင်ရွက် နိုင်မယ်။ တိတိကျကျတော့ ဘာမှမပြောဘူး။ အဲ့ဒါကတော့ ကျောင်းသားတွေကို ဒီမှာထိန်းထားဖို့၊ ပိတ်ထားဖို့ပေါ့။ ကျန်တဲ့ကိစ္စကတော့ အစိုးရအဖွဲ့နဲ့ ပြောပါလို့ ပြောတယ်” ဟု နယ်လုံဝန်ကြီးနှင့် တွေ့ဆုံမှု အပြီး ဒေါက်တာသိန်းလွင်က ပြောသည်။
သပိတ်မှောက်ကျောင်းသားများအနေဖြင့် မတ်လ ၁၀ရက်နေ့၊ နံနက်၁၀နာရီ နောက်ဆုံးထားပြီး ပိတ်ဆို့တားဆီးမှုများကို ဖယ်ရှားပေးရန် အရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားသလို ရန်ကုန်သို့ ချီတက်ရန် ကျောင်းသားများ၏ တောင်းဆိုချက်များသည် “တရားမျှတသော တောင်းဆိုချက်များဖြစ်သည်” ဟု NNERအပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သည့် စုစုပေါင်း ၂၃ဖွဲ့က မတ်လ ၇ရက်၊ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံ တိုက်တွန်းထားသည်။


သပိတ်မှောက်ကျောင်းသားများက ရန်ကုန်သို့ အချက်(၈)ချက်ဖြင့် ချီတက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အဆိုပါ အချက်များမှာ လက်ပံတန်းမှတစ်ဆင့် သာယာဝတီသို့ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ပြီး သာယာဝတီမှတစ်ဆင့် ရန်ကုန်သို့ ကားဖြင့် ချီတက်မည်ဖြစ်သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ် သို့မဟုတ် ရွှေတီဂုံစေတီတွင် အခမ်းအနားပြုလုပ်ကာ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်ကာ လူစုခွဲကြမည်ဟု သပိတ်မှောက်ကျောင်းသား များက ဆိုသည်။


အာဏာပိုင်များဘက်က ဖယ်ရှားပေးခြင်းမရှိပါက မည်သို့ဆက်လုပ်မည်ကို သပိတ်စစ်ကြောင်းကို ဦးဆောင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို မဇ္ဈိမက မေးမြန်းရာတွင် “အကြပ်အတည်းကာလဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဘာဆက်လုပ်မယ်ဆိုတာ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ပြောသည်။

‪mizzima‬

No comments:

Post a Comment