Monday, March 9, 2015

စောဆန်းအောင်အား ဒီကေဘီအေခေါင်းဆောင်များမသိဘဲ ဗိုလ်မှူးချုပ်စောကျော်သက်က ရာထူးပြန်ခန့်

အစိုးရတပ်မတော်နှင့် တင်းမာမှုများ ဖြစ်ပွားနေသည့် စောဆန်းအောင်အား မူလရာထူး ဖြစ်သော ဗိုလ်မှူးကြီးရာထူးဖြင့် ဒီကေဘီအေ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောကျော်သက်က ပြန်လည်ခန့်အပ်လိုက်ပြီး၊ ဒီကေဘီအေ ကလို့ထူးဘော စစ်ဌာနချုပ်ခေါင်းဆောင်ပိုင်းက ယင်းအခြေအနေကို မသိရသေးကြောင်း သတင်းရရှိသည်။
ဒီကေဘီအေကလို့ထူးဘော စစ်ဌာနချုပ် တံဆိပ်တုံးဖြင့် ဗိုလ် မှူးချုပ်စောကျော်သက် လက် မှတ်ထိုးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောကျော်သက်က ပြောသည်။
‘‘သူကလည်း အစိုးရတပ် နဲ့က ပစ်ကြခတ်ကြ၊ လန့်ကြ၊ ပြေးကြနဲ့ ကျွန်တော်တို့လည်း တာဝန်နည်းနည်း ပေါ့သွား အောင်၊ ပြန်ပြီးတော့ လက်ခံ လိုက်တဲ့အကြောင်း သူတို့ကို (အ ရှေ့တောင်တိုင်း စစ်ဌာနချုပ်) အသိပေးအကြောင်းကြားလိုက် တာလေ။ နို့မို့ဆို မလိုလားတဲ့ ပြဿနာ ခဏခဏ ဖြစ်လာတယ် မဟုတ်လား’’ဟု ဗိုလ်မှူးချုပ်စော ကျော်သက်က ပြောသည်။

ဒီကေဘီအေ ကလို့ထူးဘော စစ်ဌာနချုပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စောလားပွယ်ကိုယ်တိုင် ယင်းကိစ္စကို အသေးစိတ်မသိရ သေးကြောင်း ဗိုလ်ချုပ်ကြီး စော လားပွယ်နှင့် အနီးကပ်ရှိနေသည့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စော မိုရှေးက ပြောသည်။
‘‘အဲဒီဟာက ပြောရတော် တော်ခက်တယ်။ တော်တော် ဇာတ်လမ်းရှုပ်တယ်။ အပေါ်က နေထုတ်ထားတဲ့ဟာ ဟိုးအောက် ကနေ ပြန်လက်ခံလိုက်တဲ့ သဘောပေါ့။ အဲဒီလိုဖြစ်နေတယ်။ အမှန် တော့ ညှိနှိုင်းမှုတွေ လုပ်ပြီးမှ လုပ်ရမယ်လေ။ ဒီအတိုင်း လက် တန်းလုပ်ဖို့တော့ မကောင်းဘူး ပေါ့’’ ဟု ဗိုလ်ချုပ်စောမိုရှေးက ဆိုသည်။
၂၀၁၄ စက်တင်ဘာနှင့် အောက်တိုဘာက အစိုးရတပ်မ တော်နှင့် ဒီကေဘီအေ ဖြစ်ပွား သော တိုက်ပွဲကြောင့် ဒီကေဘီ အေခေါင်းဆောင်ပိုင်းက စော ဆန်းအောင်ကို ထုတ်ပယ်လိုက် ခြင်း ဖြစ်သည်။ ဗိုလ်မှူးချုပ်စော ကျော်သက်က စောဆန်းအောင် အား မူလရာထူးဖြစ်သော စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးရာထူး ပြန်လည်ပေးလိုက်ခြင်းဖြစ်ပြီး အသေး စိတ်အခြေအနေများကို စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောလားပွယ်ထံ ယနေ့ အသိပေးသွားမည်ဟု ပြောသည်။
စောဆန်းအောင်အား ပြန်ခန့် အပ်ခြင်းမှာ ဒေသအတွင်း လက် ရှိဖြစ်ပွားနေသော တင်းမာမှုများ လျော့ပါးသွားရန် ရည်ရွယ် ကြောင်း ဗိုလ်မှူးချုပ်စောကျော် သက်က ပြောသည်။
‘‘အဖွဲ့အစည်းထဲမှာနေရင် အဖွဲ့အစည်းကို အမိန့်နာခံရမယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးထားပြီး ဒီလိုကြိုးကြား ကြိုးကြား တိုက်ပွဲပြန်ဖြစ်ရင် ကျွန် တော်တို့လည်း မကောင်းဘူးလေ။ နိုင်ငံတော်လည်း မကောင်း ဘူး’’ ဟု ၎င်းကပြောသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ခေါင်းဆောင်တွေက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်လာအောင်ပေါ့လေ။ ကျွန်တော့် ကို တာဝန်ပေးရခြင်း ဖြစ်တယ်လေ။ ကျွန်တော်တစ်ယောက် တည်းပဲ အပြင်လောကမှာ ထင်ရာစိုင်းမှာကြောက်လို့ သူတို့လည်း အဖွဲ့အစည်းထဲမှာ တာဝန်ပေးရခြင်းဖြစ်တယ်လေ။ သူတစ်ပါးကို ထိခိုက်နစ်နာစေချင်လို့ နိုင်ငံတော်ကို အငြိုးအတေးနဲ့ ပုန်ကန်ချင်လို့ မဟုတ်ပါဘူး’’ဟု စောဆန်းအောင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကုန်က ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က တစ်ဖက် စောဆန်းအောင်အဖွဲ့က တစ်ဖက် နှစ်ရက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။ အစိုးရတပ်မတော်မှ တစ်ဦးကျဆုံးပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဘက်မှလည်း သုံးဦးကျဆုံးခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စောဆန်းအောင်ကို ဖမ်းဆီးနိုင်ရန် တပ်မတော်က လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
7Day Daily

No comments:

Post a Comment