Sunday, March 22, 2015

ရခိုင်ပြည်နယ် စစ်တွေ အခြေပြု ခရီးစဉ်များတွင် အောင်တံခွန်(၇) ရေယာဉ်ကို အားဖြည့် ပြေးဆွဲသွားမည်


ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် သည် ယနေ့ နံနက် ၉နာရီတွင် မော်တင်လမ်းသစ် တံတားတွင် ဆိုက်ကပ် ထားသော စစ်တွေ အခြေပြု ခရီးစဉ်များတွင် ထပ်မံ၍ အင်အား ဖြည့်ပြေး ဆွဲမည့် အောင်တံခွန်(၇) ရေယာဉ်ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းမှာကြားသည်။

ထို့နောက် အောင်တံခွန် (၇)ရေယာဉ် ပေါ်တွင် သတင်း မီဒီယာများနှင့် တွေ့ဆုံ၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် အောင်တံခွန် (၃)ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်၍ သတင်းမီဒီယာ များက သိရှိလိုသည် များကိုမေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီးက အောင်တံခွန်(၃) ရေယာဉ် ကျောက်ဖြူနှင့် စစ်တွေကြား နစ်မြုပ်ခဲ့ပြီး နောက်တစ် နေ့တွင် ကိုယ်တိုင် သွားရောက် ခဲ့ပါကြောင်း၊ ရခိုင်ဌာန ခွဲတွင် အောင်တံခွန် ရေ ယာဉ်ခြောက် စင်း ရှိပြီး ခရီးစဉ်တွင် ထပ်မံအင်အား ဖြည့်ပြေးဆွဲပေးမည့် အောင်တံခွန် (၇)ရေယာဉ်ကို ဒလသင်္ဘောကျင်းတွင် မွမ်းမံပြင်ဆင်ပြီး ထပ်မံစေလွှတ် ပေးမည်ဖြစ်ကြောင်း၊ သင်္ဘော Accident ဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်တွေမြို့သို့ စေလွှတ် စစ်ဆေး နေပါကြောင်း၊ သင်္ဘော မောင်းနှင်သည့် ရေယာဉ်မှူး အပါအဝင် ရေယာဉ် ဝန်ထမ်းများ အားလုံးကို ရေယာဉ်ဘေးအန္တရာယ် ကျရောက်လာပါက ဘာလုပ်ရမည်ကို အားလုံး Training ပေးရမည် ဖြစ်ကြောင်း၊ မကြာမကြာ Rehearsal လုပ်ပေး ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေ အသစ်ပြဋ္ဌာန်း ပြီးဖြစ်၍ ကြိုးစား ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်း ဥပဒေလည်း လွှတ်တော်မှ အတည်ပြု ထုတ်ပြန်ထားပြီး ဖြစ်၍ နောင်အနာ ဂတ်တွင် လုပ်ကိုင်မည့် လုပ်ငန်းစဉ်များ သိရှိအောင် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး ရမည်ဖြစ်ပါကြောင်း၊ နောင်လုံးဝ မဖြစ်အောင် ပြည်ထောင်စု ဝန်ကြီး အနေဖြင့် တာဝန်ယူရမည်၊ တာဝန် ခံရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ အောင်တံခွန်(၇) ရေယာဉ်သည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ဒလ သင်္ဘောကျင်းတွင် ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း ဆိုင်ရာများ ကြံ့ခိုင်မှုပိုမို ကောင်းမွန်စေရန်အတွက် ကျင်းတင်ပြုပြင် ဆောင်ရွက်ခြင်း၊ ခရီးသည်များအတွက် အသက်ကယ် အင်္ကျီများ၊ အသက်ကယ်ဖောင်များ၊ ဆက်သွယ်ရေး ကိရိယာများ၊ ရေကြောင်း အချက်ပြ ကိရိယာများ တပ်ဆင်ပေးသည်။

အဆိုပါ အောင်တံခွန် (၇) ရေယာဉ်ကို မတ် ၂၁ရက်တွင် ရန်ကုန်မြို့မှ ဟိုင်းကြီးကျွန်း၊ ဟိုင်းကြီးကျွန်းမှ စစ်တွေမြို့သို့ ကမ်းရိုးတန်းသွား ဂါဏာပတိ ရေယာဉ်ဖြင့် ဆွဲယူ၍ ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
မြ၀တီ

No comments:

Post a Comment