Sunday, March 22, 2015

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အရေးကြီးကာလ ကြေညာ



ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: AFP

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အခုလ ၁၁ ရက်နေ့ကနေ ဧပြီလ ၇ ရက်နေ့အထိ ရက်ပေါင်း ၂၈ ရက် ကို အရေးကြီးကာလအဖြစ် ကြေညာထားပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကြေညာ လိုက်ပါတယ်။

နယ်စပ်လမ်းကြောင်းတွေကနေ အကြမ်းဖက်သမားတွေ ၀င်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးအင်အားတိုးမြှင့် ထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယ-ရဲမှုးကြီး တင့်လွင်က ပြောပါတယ်။

"သတ်မှတ်ထားတဲ့ အကြောင်းအရာကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြအနေ တွေရယ် နောက် ပြီးတော့ အကြမ်းဖက်သမားတွေ ကျနော်တို့ နယ်စပ်လမ်းကြောင်းတွေ က ဝင်ရောက်လာနိုင်တယ်၊ အဓိက ကတော့ အဲ့ဒါပါဘဲ၊ ခရိုင်မြို့နယ်တွေမှာတော့ ကျနော်တို့ရဲအင်အားတွေအသင့်ပေါ့၊ စုဖွဲ့ထားဖို့ လုပ်ထားပြီးပြီ၊ ကျန်တာကတော့ အင်အားကတော့ဒီတိုင်းပါပဲ၊ ပိုမိုပြီးတော့လှည့်ကင်းတွေဆောင်ရွက်တယ်၊ နောက်တစ်ခါ ရှောင်တခင် ပိတ်ဆို့ရှာဖွေတာတွေလုပ်တယ်၊ ကျန်တဲ့ဝင်ပေါက်တွေမှာ တော့ နဂိုကထက် ရှာဖွေမှု၊ စစ်ဆေးမှုတွေ ဆောင်ရွက်ပါတယ်"

အဲဒီကြေညာချက်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ၊ တက္ကသိုလ်စာမေးပွဲတွေ အေးချမ်းစွာ ဖြေဆိုနိုင်ဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထုတ်ပြန်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီကာလအတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်မှာ ကွပ်ကဲရေးရုံးတွေ ဖွင့်လှစ်ပြီး အုပ်ချုပ်ရေးမှူး တွေနဲ့ ထွေ-အုပ်ဝန်ထမ်းတွေအားလုံး လုံခြုံရေးတာဝန်ယူ ရမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း  ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး တင့်လွင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ် မေးမြန်းထားပါတယ်။

RFA Burmese

1 comment:

  1. ( မြန်မာနိုင်ငံကြီးအေးချမ်းပါစေလို့ပဲဆုတောင်းနေရတယ်ဗျာ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းက မအေးချမ်းတာတွေကြည့် ဖြစ်ပေါ်နေကြတယ်လေ အဲဒါကြောင့် ကိုယ့်နိုင်ငံလေးကိုပဲ ဆုတောင်းပေးနေရတယ်)

    ReplyDelete