Friday, March 27, 2015

သင်္ကြန်ကာလ အဝေးပြေးကားလက်မှတ် မှောင်ခိုဈေးဖြင့် ရောင်းချပါက ယာဉ်စီးရေတိုးရာတွင် ထိရောက်စွာ အရေးယူမည်ဟု မ.ထ.သ က ဆို


သင်္ကြန်ကာလအတွင်း ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်းများ ကြိုတင်လက်မှတ် အရောင်းပြပြီး အမှန်တကယ် ရောင်းချခြင်းမရှိဘဲ လက်မှတ်မှောင်ခိုပြုလုပ်ပါက ယာဉ်လိုင်းအား ထိရောက်စွာ အရေးယူသွားမည်ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (ရန်ကုန်တိုင်း) (မ.ထ.သ) ဥက္ကဋ္ဌ ဦးလှအောင်က မဇ္ဈိမကို ပြောသည်။

Bus-2

မ.ထ.သ က ထိရောက်စွာ အရေးယူခြင်းမှာ မ.ထ.သ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူမည့်အပြင် အဆိုပါယာဉ်လိုင်းများ ယာဉ်စီးရေတိုးမြှင့်ပါက စည်းကမ်းဖောက်ဖျက်မှု များရှိသည် ဆိုသည့် မှတ်ချက်ဖြင့် ယာဉ်စီးရေ တိုးချဲ့ခြင်းကို တားမြစ်သွားမည်ဖြစ်သည်။

သင်္ကြန်ကာလတွင် သတ်မှတ်သည့် ယာဉ်စီးခနှုန်းထက် ပိုမိုတိုးမြှင့်ကောက်ခံခြင်းနှင့် ရောင်းချရန် လက်မှတ်ရှိသော်လည်း  နည်းလမ်းမျိုးစုံဖြင့် လက်မှတ်မှောင်ခိုပြုလုပ်ရောင်းချမှုများ ရှိလာပါက  တိုင်ကြားမှု တိုင်းအတွက် ဒဏ်ငွေ ကျပ် ၅ဝ,ဝဝဝ ရိုက်မည့်အပြင် ဆိုးရွားသည့် လုပ်ရပ်များရှိပါက တိုင်းအစိုးရက အရေးယူ ဆောင်ရွက်နိုင်ရန် တင်ပြသွားမည်ဟုလည်း ၎င်းက ဆိုသည်။

‘‘ကြိုတင်လက်မှတ်တွေ ရောင်းထားတယ်ဆိုပြီး အရောင်းပြတယ်။ လက်မှတ်ကုန်ပြီလို့ ပြောတယ်။ ပြီးတော့ တကယ်ရောင်းတာ မဟုတ်ဘဲ မှောင်ခိုလုပ်နေတယ်ဆိုရင် အဲ့ဒီယာဉ်လိုင်းကို ထိရောက်စွာ အရေးယူ ပါမယ်။ အဲ့ဒီအတွက်လည်း မ.ထ.သ အဝေးပြေးက ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ယာဉ်လိုင်းက တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး ပြောထားပြီးသားပါ။ သူတို့တွေကလည်း မလုပ်ဘူးလို့တော့ ပြောတယ်။ ဒီလိုတွေ မဖြစ် အောင် ပိုင်ရှင်တွေ၊ တာဝန်ခံတွေ တင်မကဘူး ဝန်ထမ်းတွေကိုပါ ကြပ်မတ်ဖို့ ပြောထားပါတယ်။ ဒီလိုမဖြစ်အောင် ယာဉ်လိုင်းတွေက တာဝန်ယူရပါမယ်’’ဟု ၎င်းက ပြောသည်။

သင်္ကြန်ကာလသို့ မရောက်မီ ရက်သတ္တပတ် သုံးပတ်ခန့် အလိုမှာပင် အဝေးပြေး ယာဉ်လက်မှတ်များ သင်္ကြန်ရက်မတိုင်မီ ယာဉ်လက်မှတ်များ ဝယ်ယူ၍ မရဟူသည့် အခက်အခဲကို ကြုံလာရသည်ဟု မန္တလေးတိုင်း အတွင်းရှိ သင်္ကြန်မတိုင်မီ ခရီးသွားမည့် ရန်ကုန်ရှိ ကုမ္ပဏီတွင် ဝန်ထမ်းလုပ်သူ အမျိုးသမီးက ဆိုသည်။

အောင်ဆန်းအားကစားကွင်းရှိ ယာဉ်လိုင်းပေါင်းစုံ အဝေးပြေးလက်မှတ် အရောင်းဌာနသို့ သင်္ကြန် ကာလမတိုင်မီ မန္တလေးမြို့သို့ ခရီးသွားလိုသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ကြိုတင်ဝယ်လိုသည်ဟု ဆိုသည့်အခါ အရောင်းဝန်ထမ်းက လက်မှတ် မရှိတော့ဟုသာ ဖြေကြားသည်။

‘‘ဒီမှာတော့ လက်မှတ်ကုန်ပြီ။ ဝယ်ချင်ရင်တော့ အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာ သွားစုံစမ်းကြည့်ပါ။ အဲ့မှာတော့ ရနိုင်မယ်ထင်တယ်’’ဟု လက်မှတ်အရောင်းဌာနမှ ဝန်ထမ်းအမျိုးသမီးက ဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့သို့ သင်္ကြန်ပွဲတော်ရက် မတိုင်မီ ခရီးသွားလိုသည့် ရန်ကုန်တွင်ေ နထိုင်သူ ကိုစည်သူကလည်း ‘‘လက်မှတ် ဘိုကင်လုပ်တော့ မရောင်းသေးဘူးလို့ ပြောတယ်။ မတ်လ ၃ဝ ရက်၊ ဧပြီ ၁ ရက်လောက်မှ ရောင်းမယ် ပြောတယ်။ မနှစ်ကလည်း ဘွတ်ကင်လုပ်တဲ့အခါ အဲ့ဒီအချိန်ဆိုရင် ပုံမှန်ခထက် ၅,ဝဝဝ လောက် ပိုပေးပြီး ဝယ်ရတယ်။ ဒီနှစ်တော့ အဲ့ဒီထက် ပိုများမယ်ထင်တယ်’’ ဟု ပြောသည်။

သင်္ကြန်ကာလမတိုင်မီ အဝေးပြေး ယာဉ်လိုင်းများတွင် ဘွတ်ကင်ရက်များကို သတ်မှတ်ထား သော်လည်း ထိုသတ်မှတ်ရက ဝယ်ယူသော်လည်း လက်မှတ်ကုန်ပြီဟုသာ ကြုံတွေ့ရသည့်အတွက် မှောင်ခိုဈေးကွက်နှင့်ပင် ဝယ်ယူရကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်ကာလအတွက် အဝေးပြေးယာဉ်လိုင်းများ လက်မှတ်ရောင်းချမှု စိစစ်ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မတ်လ ၃၀ ရက်မှ စ တင်ကာ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး)က မတ်လ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။

အဆိုပါ အဖွဲ့မှာ အောင်မင်္ဂလာ၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းများရှိ ရုံးများတွင် ဖွဲ့စည်းထား မည်ဖြစ်ပြီး ထိုအဖွဲ့က ယာဉ်စီးခကို ပုံမှန်သတ်မှတ်ငွေထက် ပိုပေးဝယ်ယူခဲ့ရခြင်း၊ လက်မှတ်ဝယ်ယူ၍ မရရှိ သည့် အခက်အခဲများနှင့် အခြားအဆင်မပြေမှုများအတွက် ကူညီဖြေရှင်း ဆောင်ရွက်ပေးမည် ဖြစ်သည်ဟု ဆိုထားသည်။         

ခရီးသွားများသည် သင်္ကြန်ကာလအတွင်း သတ်မှတ်နှုန်းထားထက် ငွေပိုမိုပေးချေဝယ်ယူရပါက အမှန်တကယ် ပေးချေရသည့် လက်မှတ်တန်းဖိုးပါ ဝယ်ယူထားသည့် လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ဖြင့် အဆိုပါ စိစစ်ကြီးကြပ်ရေးအဖွဲ့သို့ လာရောက်တိုင်ကြားပါက စိစစ်ပြီး  ပိုမိုပေးချေရသည့် ငွေကို ပြန်အမ်းပေး မည့်အပြင် အဆိုပါ သတ်မှတ်တန်းဖိုးထက် တိုးမြှင့်ရောင်းချခဲ့သည့် ယာဉ်လိုင်းကိုလည်း အရေးယူဆောင် ရွက်သွားမည်ဟု ဆိုသည်။

Mizzima 

No comments:

Post a Comment