Monday, March 9, 2015

မုဒိမ်းမှုကျူးလွန်သူကို ထောင်ထဲမှ ဆွဲထုတ်သတ်ဖြတ်မှုဖြင့် လူ ၂၂ ဦးကို အိန္ဒိယရဲဖမ်းဆီး

အရင်တပတ်က အိန္ဒိယအရှေ့မြောက်ဒေသ နာဂလန်းပြည်နယ်ထဲမှာ လူအုပ်ကြီးက အကျဉ်းထောင်ကို ၀င်စီးပြီး မုဒိမ်းမှုနဲ့ ချုပ်နှောင်ထားသူကို ထောင်ထဲက ဆွဲထုတ်၊ ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ ၀ရုန်းသုန်းကား ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူ ၂၂ ယောက်ကို ရဲအဖွဲ့က မတ် ၈ ရက်နေ့က ဖမ်းဆီးထားပါတယ်။
ဒီမာပူဝါ အကျဉ်းထောင်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့လို့ အရေးပေါ် လုံခြုံရေးအမိန့်လည်း ထုတ်ပြန်ခဲ့ရပါတယ်။ အခြေအနေတွေ တင်းမာနေပေမယ့် ထိန်းသိမ်းထားနိုင်ပြီးလို့ ရဲမှူးကြီး ၀ါဘန် ဂျမားက ပြောပါတယ်။
လူ ၁၈ ယောက်ကို အခင်းဖြစ်တဲ့အချိန်က ဖမ်းဆီးပြီး နောက်ထပ် ဖမ်းဆီးမှုတွေနဲ့ပါဆိုရင် ၂၂ ယောက် ရှိပြီးလို့ ရဲအဖွဲ့က ဆိုပါတယ်။

ဝရုန်းသုန်းကား အခြေအနေမှာ အသက် ၃၅ နှစ်အရွယ် ဆာရိ ဖာရစ် ခမ်းကို ဘယ်သူက သတ်ခဲ့သလဲဆိုတာကို အတိအကျ ဖော်ထုတ်ဖို့ အခက်ကြုံနေတယ်လို့လည်း ဆိုပါတယ်။
ခမ်းဟာ အသက် ၁၉ နှစ်အရွယ် နာဂအမျိုးသမီးတယောက်ကို အကြိမ်ကြိမ် မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံရပြီး ထောင်ထဲရောက်နေတာပါ။
မုဒိမ်းကျင့်ခံရသူ အမျိုးသမီးနဲ့ ခမ်းရဲ့ ဇနီးဟာ တရွာတည်းက ဖြစ်ပါတယ်။ ခမ်းက ညအချိန် သူ့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ငွေ ၅၀၀၀ အတင်းပေးတာကြောင့် ကြောက်ကြောက်နဲ့ ယူခဲ့ရပြီး နောက်တော့မှ အမှုဖွင့်ခဲ့တယ်လို့ ပြောပါတယ်။ မုဒိမ်းမှု မြောက်တယ်ဆိုတာကလည်း ရဲက ဆေးစစ်တဲ့အခါ ပေါ်ပါတယ်။
ခမ်းကို လူအုပ်စုကြီးက သတ်ဖြတ်ခဲ့တဲ့ကိစ္စကို နာဂလန်း ပြည်နယ်နဲ့ အာသံပြည်နယ်က မွတ်စလင်တွေက ကန့်ကွက်နေကြပါတယ်။
မုဒိမ်းမှု စွပ်စွဲခံထားရသူတယောက်ကို လူအုပ်ကြီးက အဆုံးစီရင်လိုက်တဲ့အချိန်ဟာ ၂၀၁၂ ခုနှစ်က ဒေလီမြို့မှာ ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်တဲ့အကြောင်း မှတ်တမ်းရုပ်ရှင်ကို အစိုးရက ပိတ်ပင်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်ပါတယ်။
DVB

No comments:

Post a Comment